2010年12月31日金曜日

ထားဝယ်ဆိပ်ကမ်းကြောင့် ဒေသခံလူထုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ဖွယ်ရှိ

E-mail Print
ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ဒေသခံများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် တနင်္သာရီဒေသ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ကြုံတွေ့ရဖွယ်ရှိကြောင်း သိရသည်။

htar-wel-port-01
ထားဝယ်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း စတင်ရန် ပြင်ဆင်နေသည့် မြင်ကွင်း
ရေနက်ဆိပ်ကမ်းစီမံကိန်း ဧရိယာအတွင်း ကျရောက်လျက်ရှိသော တနင်္သာရီတိုင်း ရေဖြူနှင့် လောင်းလုံမြို့နယ်အတွင်းရှိ ကျေးရွာ ၁၉ ရွာမှ လူပေါင်း ၃ သောင်းကျော် ရွှေ့ပြောင်းပေးရဖွယ် ရှိနေသော်လည်း အာဏာပိုင် များက မည်ကဲ့သို့ တာဝန်ယူဖြေရှင်းပေးမည်ကို ယခုအချိန်အထိ အကြောင်းမကြားသေးပေ။

စီမံကိန်း ဆောက်လုပ်ခွင့်ရ Italian-Thai Development Public Company ကုမ္ပဏီ၏ စာရင်းဇယားများအရ အဆိုပါ စီမံကိန်းသည် စတုရန်းမိုင် ၁၀၀ ခန့် (၂၅၀ စတုရန်းကီလိုမီတာ) ကျယ်ဝန်းမည်ဟု သိရသည်။

အရှေ့တောင်အာရှတွင် အကြီးဆုံး အထူး စီးပွားရေးဇုန်ဖြစ်လာမည်ဟု ဆိုသော ထားဝယ်ဖွံ့ဖြိုးရေး စီမံကိန်း စတင်ရန် အစိတ်အပိုင်း အများအပြားတွင် ပြင်ဆင်ပြီးပြီ ဖြစ်သော်လည်း ထိုဧရိယာအတွင်း ကျရောက်နေသော ကျေးရွာများကို မည်သည့်နေရာသို့ ရွှေ့ပြောင်းမည်၊ သိမ်းယူမည့် ဥယျာဉ်ခြံမြေများကို လျော်ကြေးငွေ မည်မျှပေးမည် စသည့် အကြောင်းအရာ များနှင့် ပတ်သက်၍မူ မည်သို့သော တရားဝင် သတင်းစကားမျှ ကြားရခြင်းမရှိသေးကြောင်း ဒေသခံများက ပြောကြသည်။

တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ မောင်းမကန် မြောက်ဘက်တွင် တည်ဆောက်မည့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ထိုင်းနိုင်ငံ အခြေစိုက် Italian-Thai Development ကုမ္ပဏီက အမေရိကန် ဒေါ်လာ ၈. ၆ ဘီလီယံ ရင်းနှီးမြုပ်နှံမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊ သံမဏိစက်ရုံများ၊ ရေနံသန့်စင်ချက်လုပ်ရေး စက်ရုံများ၊ ကားလမ်းနှင့် ရထားလမ်းများ ပါဝင်မည်ဖြစ်ကြောင်းနှင့် ခန့်မှန်းကုန်ကျငွေ စုစုပေါင်း ဒေါ်လာ ၁၀၀ ဘီလီယံအထိ ရှိနိုင်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို လာမည့် ဇန်န၀ါရီတွင် စတင်မည်ဟု မြန်မာဆိပ်ကမ်းအာဏာပိုင်များက ပြောဆိုသော်လည်း ဒီဇင်ဘာလကုန်သည်အထိ စီမံကိန်း ဧရိယာအတွင်း ကျရောက်နေသော ထားဝယ် ဒေသခံများကို စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းစွာ အသိပေးခြင်း မရှိသေးကြောင်း ကြားသိရသည်။

သို့သော် Italian-Thai ကုမ္ပဏီမှ တာဝန်ရှိသူ Mr. Anan ကမူ “ကျနော်တို့ ဒေသခံ ရွာသားတွေနဲ့ ညှိနှိုင်းနေပါတယ်” ဟု The International Herald Tribune သတင်းစာကို ပြီးခဲ့သော နိုဝင်ဘာလက ပြောဆိုခဲ့သည်။

ဒေသခံအများစုမှာ ပြောင်းရွှေ့ရမည်ကို သိထားကြကြောင်း၊ မြေနေရာ ပြန်ပေးမည်ဟု အားလုံးက မျှော်လင့်နေကြကြောင်း၊ စီမံကိန်းအစပြုခါစ ပရောဂျက်များအရ ဒေသခံများမှာ လတ်တလော ပြောင်းရွှေ့ရန် မလိုအပ်သေးကြောင်း ဆိပ်ကမ်း အာဏာပိုင် အရာရှိ တဦးက ပြောသည်။

“ဒေသခံတွေကတော့ မိရိုးဖလာ လုပ်ငန်းတွေ ပုံမှန်ပဲ ဆက်လုပ်နေတယ်။ နှစ်တို သီးနှံတွေ စိုက်တာပေါ့။ ရော်ဘာ တို့လို နှစ်ရှည်ပင်တွေကိုတော့ တော်တော်များများက ပစ်ထားလိုက်ပြီ” ဟု ၎င်းကဆိုသည်။

ဥယျာဉ်ခြံလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်၍ အဓိက အသက်မွေးဝမ်းကြောင်းပြုရာ နဘုလယ်အမည်ရှိ ထားဝယ် ဆိပ်ကမ်း ဆောက်လုပ်မည့် ဒေသတွင် ယခုအခါ ယခင်ကာလများက ကဲ့သို့ တိတ်ဆိတ် မနေတော့ဘဲ စီးပွားရေးသမားများ၊ စီမံကိန်း တည်ဆောက်မည့် Italian-Thai ကုမ္ပဏီမှ ထိုင်းနိုင်ငံသားများဖြင့် စည်ကားနေသည်ဟု သိရသည်။

“ရွာထဲမှာ အရင်ကလိုမဟုတ်တော့ဘူး။ အသွားအလာ အရမ်းများလာပြီ။ အိမ်လိုက်ဝယ်တဲ့ သူတွေ၊ သူဌေးတွေနဲ့ ရှုပ်နေတာပဲ” ဟု ထားဝယ်မြို့နယ် မောင်းမကန် ဒေသခံ တဦးက ပြောသည်။

အဆိုပါ ဒေသခံ၏ ကျေးရွာမှာ စီမံကိန်းဧရိယာအတွင်း ကျရောက်ခြင်းမရှိသဖြင့် ခြံကွက်များ၊ မြေကွက်များ ၀ယ်ယူရန် လာရောက် စုံစမ်းခြင်းဖြစ်ပြီး စီမံကိန်း ဧရိယာအတွင်း ကျရောက်လျက်ရှိသော ကျေးရွာများတွင်မူ အရောင်းအ၀ယ် မရှိကြောင်း သိရသည်။

ထားဝယ် အိမ်ခြံမြေဈေးများသည် အဆများစွာ မြင့်တက်သွားခဲ့ပြီး အများစုမှာ ဘဏ်များ၊ ဟိုတယ်လုပ်ငန်းများ လုပ်ကိုင်ရန် ဖြစ်ကြောင်း စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းရှင်များ အများဆုံး လာရောက် စုံစမ်းကြောင်း ထားဝယ်ဒေသခံ လုပ်ငန်းရှင် တဦးက ဆိုသည်။

ထားဝယ် ရေနက်ဆိပ်ကမ်း ဆောက်လုပ်မည့် အဓိက နေရာဖြစ်သော နဘုလယ်-ထားဝယ်လမ်းသည်လည်း ယခင်ကဲ့သို့ ကျောက်ကြမ်းလမ်း မဟုတ်တော့ဘဲ ၂၀၁၀ နိုဝင်ဘာလမှ စတင်၍ မြေနီလမ်းချော အဖြစ် ပြုပြင်ပြီး ဖြစ်သည်။

ထားဝယ်မြို့ပေါ်ရှိ အချက်အချာကျ လမ်းမကြီးများတွင် မျက်နှာဖွင့် တပေလျှင် ကျပ် သိန်း ၁၅၀ မှ ၂၀၀ အကြား ခေါ်ဈေး ရှိနေပြီး ထားဝယ်မြို့ပေါ်ရှိ ဟိုတယ် ဆောက်လုပ်ရန် ကောင်းမွန်သော ၁ ဧက ကျော် ကျယ်ဝန်းသည့် ခြံမြေမှာ ကျပ် သိန်း ၁ သောင်းခွဲအထိခေါ်ဈေးရှိကြောင်း သိရသည်။

htar-wel-port-02
ထားဝယ်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကို အပေါ်စီးမှ ဤအနေအထားအတိုင်း မြင်တွေ့ရမည်ဖြစ်သည်
အဆိုပါ ဈေးနှုန်းမှာ ယခင်က တခါမှ မကြားဘူးသော ဈေးဖြစ်ကြောင်း၊ ထားဝယ်ဒေသတွင် ယခင်က ဈေးနှုန်းထက် ၃ ဆခန့် မြင့်တက်သွားခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

“ကုမ္ပဏီတွေကတော့ မျက်နှာဖွင့်ကျယ်တာကို ပိုလိုချင်ကြတယ်။ ဒါကြောင့် ထားဝယ်ကနေ အဲဒီဒေသကို သွားတဲ့ လမ်းတလျှောက် ခြံတွေကို လိုက်မေးနေကြတယ်။ စီမံကိန်း ဧရိယာထဲပါတဲ့ ခြံတွေကတော့ တဧကကို သိန်း ၁၀၀ ကျော်လောက်ပဲ ခေါ်ဈေးရှိတယ်” ဟု ၎င်းကဆိုသည်။

၁၀ နှစ်စီမံကိန်းချကာ ဆောင်ရွက်မည့် ထားဝယ် ရေနက်ဆိပ်ကမ်းတွင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ၊ သံမဏိ စက်ရုံ၊ ဓာတ်မြေသြဇာ စက်ရုံ၊ သင်္ဘောကျင်း၊ ရေနက်ဆိပ်ကမ်း စသည်တို့ ပါဝင်သော အကြီးစား စက်မှုဇုန် (A)၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ရေနံဓာတု စက်ရုံများ ပါဝင်သော အကြီးစားစက်မှုဇုန် (B)၊ အလတ်စားစက်မှုဇုန် (C) နှင့် (D)၊ အပေါ့စား စက်မှုလုပ်ငန်းများအတွက် ဇုန် (E) နှင့် မြို့ပြအတွက် ဇုန် (F)တို့ ပါဝင်မည်ဖြစ်သည်။

၎င်းအပြင် ထိုင်းနိုင်ငံ ကန်ချနဘူရီ - ထားဝယ် အဝေးပြေးလမ်း၊ မီးရထားလမ်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၊ Transmission Line များပါဝင်မည်ဖြစ်သည်။

ထိုအထူးစီးပွားရေးဇုန်တည်ဆောက်ရန် အတွက် သဘောတူညီချက်ကို ရွေးကောက်ပွဲကျင်းပ ရန် ၅ ရက် အလို နိုဝင်ဘာ ၂ ရက်နေ့က ထိုင်းနှင့်မြန်မာ အစိုးရတို့ လက်မှတ် ရေးထိုးခဲ့ကြသည်။

ဥရောပနှင့် အင်ဒိုချိုင်းနားကို ဆက်သွယ်ရန် ဖြတ်လမ်းဖြစ်လာပြီး စင်ကာပူထက်သာမည်ဟု ဆိုထားသော ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း၏ အရေးပါပုံ၊ အဆိုပါစီမံကိန်းကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်လာနိုင်ပုံတို့ကို မီဒီယာအများစုက မီးမောင်းထိုး ရေးသားကြသော်လည်း ဒေသခံများ၏ နစ်နာမှုအတွက် မည်သို့ ဆောင်ရွက် ပေးသင့်သည်ကိုမူ ရေးသားဖော်ပြခြင်းများ မတွေ့ရပေ။

“ရွေးကောက်ပွဲ မတိုင်ခင် ကြံ့ဖွံ့ပါတီ မဲဆွယ်တုန်းက ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ဒေသဘယ်လို အကျိုးဖြစ်ထွန်း လာမယ် ဆိုပြီးတော့ပဲ ပြောတယ်။ ဒီလို ဆုံးရှုံးမှုတွေ ဖြစ်လာရင် ဘယ်လို လုပ်ပေးမလဲဆိုတာတော့ မပြောဘူး” ဟု ထားဝယ်မြို့နယ် သစ်တိုထောက်ကျေးရွာမှ ဒေသခံတဦးက ဆိုသည်။

ထိုင်းနိုင်ငံ အပါအ၀င် လူ့အခွင့်အရေးကို လေးစားသော တခြားနိုင်ငံများတွင် ထိုကဲ့သို့ အကြီးစားစီမံကိန်းများ ချမှတ် ဆောင်ရွက်မည်ဆိုပါက ဒေသခံများကိုရှင်းပြ ညှိနှိုင်းကာ ရွှေ့ပြောင်းပေးရမည့် သူများကို ထိုက်တန်သော လျော်ကြေးများ ပေးခြင်း၊ နေရာချထားပေးခြင်းတို့အား အလေးထား ပြုလုပ်ကြသော်လည်း ယခုအနေအထားတွင် ထိုကဲ့သို့သော အနေအထားမတွေ့ရ ကြောင်း ဒေသခံများ၊ ထားဝယ်မြို့ခံ ရပ်ရွာအဖွဲ့အစည်း ခေါင်းဆောင်များက ပြောကြားကြသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ဒေသခံများ ဆုံးရှုံးနစ်နာမှုများ ရှိလာမည် ဖြစ်သကဲ့သို့ မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းရိုးတန်း တလျှောက်တွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု များစွာ ကြုံတွေ့ရမည်ဖြစ်ကြောင်း ပညာရှင်များက ပြောသည်။

“ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန် စီမံကိန်းကြီးကြောင့် မြိတ်ကျွန်းစုနဲ့ တနင်္သာရီကမ်းရိုးတန်း တလျှောက် ပင်လယ်ပြင်မှာ သဘာဝ ပတ်ဝန်းကျင် ဆိုးဆိုးရွားရွား ပျက်စီးဖို့ရှိတယ်။ ပင်လယ်ရေနေ သတ္တ၀ါတွေ မျိုးသုဉ်းပျက်စီးတဲ့အထိ မဖြစ်မနေကြုံရမယ်” ဟု တနင်္သာရီတိုင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။

အဆိုပါ ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်း၏အဆိုအရ စစ်အစိုးရသည် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ဆောက် ရေးစီမံကိန်း အကောင်အထည်ဖော်ရန် ထိုင်းကုမ္ပဏီနှင့် လက်မှတ်ရေးထိုးပြီးသည်အထိ စီမံကိန်းတွင် သဘာဝပတ်ဝန်းကျင် ပြုပြင်ထိန်းသိမ်းရေး စီမံချက်များ ထည့်သွင်းထားခြင်း မရှိကြောင်း သိရသည်။

ကီလိုမီတာ ၃၀၀၀ ရှည်သော မြန်မာ့ပင်လယ် ကမ်းရိုးတန်းတွင် တနင်္သာရီတိုင်း ပင်လယ်ကမ်းရိုးတန်းသည် ကီလိုမီတာ ၁၂၀၀ ရှည်လျားကြောင်း၊ ယင်းကမ်းရိုးတန်း တလျှောက်တွင် ကြည်လင်သန့်ရှင်းသော ရေနှင့် ရေနေသတ္တ၀ါ မျိုးကွဲပေါင်း များစွာဖြင့် မပျက်စီးသေးသော သဘာဝပတ်ဝန်းကျင် ရှိသည့်အတွက် နိုင်ငံတကာ အဏ္ဏ၀ါသိပ္ပံ အဖွဲ့အစည်းများကြားတွင် ထင်ရှားသော ကမ်းရိုးတန်းတခုဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ပညာရှင်များက ဆိုသည်။

တနင်္သာရီ ပင်လယ်ကမ်းရိုးတန်းတွင် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ဆောက်ရေး စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ အကြီးအကျယ် ပျက်စီးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အဏ္ဏ၀ါသိပ္ပံအသင်းမှ ပညာရှင်တဦးက သုံးသပ်သည်။

အငြိမ်းစား အဏ္ဏ၀ါသိပ္ပံ ပါမောက္ခတဦးကလည်း “ဒီရေတောနဲ့ သန္တာကျောက်တန်းက ရေနေသတ္တ၀ါ မျိုးစိတ်ပေါင်း မြောက်မြားစွာအတွက် အင်မတန်မှ အရေးကြီးတဲ့ နေရာတွေပဲ။ ဒီရေတောနဲ့ သန္တာကျောက်တန်းဆိုတာ ရေသတ္တ၀ါ တွေအတွက် မွေးဖို့၊ စားဖို့၊ ရှင်သန်နေထိုင်ဖို့၊ သဘာဝပတ်ဝန်းကျင် သန့်ရှင်းဖို့ အင်မတန်မှ မရှိမဖြစ် လိုအပ်တဲ့ ပတ်ဝန်းကျင်ပဲ။ ဒါတွေပျောက်ကွယ်သွားရင် ရေနေသတ္တ၀ါတွေလည်း ရှင်သန်ရပ်တည်မှု မဖြစ်နိုင်ဘူး။ ဂေဟစနစ်ပျက်ယွင်းသွားမယ်” ဟု ပြောသည်။

တနင်္သာရီ ကမ်းရိုးတန်းရှိ ကျွန်းပေါင်း ၈၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသော မြိတ်ကျွန်းစုတွင် သန္တာကျောက်တန်းပေါင်း ၆၀၁ ခု တွေ့ရှိထားပြီး သုတေသန မလုပ်ရသေးသော သဘာဝပတ်ဝန်းကျင် များစွာကျန်ရှိနေသေးရာ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် သန္တာကျောက်တန်း မျိုးစိတ်ပေါင်းများစွာ ပျက်သုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းတွင် တောင်ပိုင်းဆိပ်ကမ်းနှင့် မြောက်ပိုင်းဆိပ်ကမ်းဟူ၍ ဆိပ်ကမ်းနှစ်ခု ပါဝင်မည်ဖြစ်ပြီး
တန်ချိန် ၂၀၀၀၀ မှ ၅၀၀၀၀ အထိ ကုန်တင် သင်္ဘောကြီး ၂၅ စင်း တပြိုင်တည်း ဆိုက်ကပ်နိုင်မည်ဖြစ်ကြောင်း၊ ထိုဆိပ်ကမ်းနှစ်ခုမှ တနှစ်လျှင် ကုန်ပစ္စည်း မက်ထရစ်တန်ချိန် သန်း ၁၀၀ နီးပါး အတင်အချပြုလုပ်နိုင်မည်ဟု စစ်အစိုးရပိုင် သတင်းစာများက ရေးသားသည်။

“သင်္ဘောတွေက စွန့်ပစ်မယ့် စက်သုံးဆီ အညစ်အကြေးကလည်း သဘာဝပတ်ဝန်းကျင်အတွက် အတော်ကို ဖြေရှင်းရခက်မယ့် ပြသနာတရပ်ဖြစ်လာမယ်” ဟု သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ထိန်းသိမ်းရေး အသင်း (FREDA) မှ ၀န်ထမ်းတဦးက ပြောသည်။

ရေနက်ဆိပ်ကမ်းအပြင် စတုရန်းကီလိုမီတာ ၂၅၀ ကျယ်ဝန်းသော စက်မှုဇုန်နယ်မြေများ ပါဝင်ပြီး မြေဧရိယာ ၂၀.၉ စတုရန်းကီလိုမီတာရှိ အကြီးစားစက်မှုဇုန်နှစ်ခု၊ မြေဧရိယာ ၆၅.၁ စတုရန်းကီလိုမီတာရှိ အလယ်အလတ် အကြီးစား စက်မှုဇုန်တခု ပါဝင်နေသည်။

စီမံကိန်းတွင် မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်နိုင်သော လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မည်ဖြစ်ပြီး ရေထုထည်ပမာဏ ကုဗမီတာ ၂၁၉ သန်း သိုလှောင်နိုင်သည့် ရေလှောင်တမံ တည်ဆောက်ကာ တရက်လျှင် ရေကုဗမီတာ ၉၇၅၀၀၀ ထုတ်လုပ် နိုင်သော ရေသန့်စက်ရုံ တည်ဆောက်ဖြန့်ဖြူးမည့် အစီအစဉ်များလည်း ပါရှိသည်ဟု စစ်အစိုးရက သတင်းထုတ်ပြန်ထားသည်။

“သံမဏိစက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံ၊ လျှပ်စစ်ဓာတ်အားစက်ရုံ၊ ရေပေးဝေတဲ့ စက်ရုံတွေနဲ့ စက်မှုကုန်ထုတ်စက်ရုံတွေ တော်တော်များများ ပါမယ့်အခြေအနေရှိတော့ ထွက်လာမယ့် စွန့်ပစ်ပစ္စည်းတွေကြောင့် ပျက်စီးမယ့် သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လိုကိုင်တွယ် ထိန်းသိမ်းမလဲဆိုတဲ့ နည်းလမ်းတွေ အခုကတည်းက စဉ်းစားထားသင့်ပြီ” ဟု FREDA ၀န်ထမ်းက ဆက်ပြောသည်။

သဘာဝ ပတ်ဝန်းကျင် ထိခိုက်သည်နှင့်အမျှ တဆက်တည်း ရေရှည်တွင် ဒေသခံများ၏ ကျန်းမာရေး ပြဿနာများ ကြုံတွေ့လာမည်ကို စိုးရိမ်ရကြောင်းလည်း ပညာရှင်များက ပြောကြသည်။

htar-wel-port-03
ထားဝယ်ဆိပ်ကမ်း ပြီးသွားပါက ဥရောပနှင့် အင်ဒိုချိုင်းနားကို ရေးလမ်းမှ ဖြတ်လမ်းအတိုင်း ဆက်သွယ်နိုင်မည်ကို ပြသည့် မြေပုံ
ထိုင်းကုမ္ပဏီနှင့် အစိုးရအာဏာပိုင်များအနေဖြင့် အထက်ပါကဲ့သို့သော ကိစ္စရပ်များအတွက် ဒေသခံများနှင့် ဆွေးနွေးသင့် သည်ဟု ၎င်းတို့က ဆိုသည်။

ထိုင်းနိုင်ငံရှိ Map Ta Phut ကဲ့သို့သော စက်မှုဇုန်များတွင် သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့လာရခြင်းကြောင့် ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ရေးရာ စည်းမျဉ်း စည်းကမ်းများ တင်းကျပ်ခြင်း မရှိသော မြန်မာနိုင်ငံကို ရေနက်ဆိပ်ကမ်းနှင့် စီးပွားရေးဇုန် ဆောက်လုပ်ရန် ထိုင်းနိုင်ငံက ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံတကာ မီဒီယာများတွင် ရေးသားဖော်ပြကြသည်။

ရေတိုတွင် ကြုံတွေ့ရမည့် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများအပြင် ရေရှည်ပြဿနာများဖြစ်သော ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ ကိစ္စများ၊ ဖြစ်ပေါ်လာနိုင်သော လူမှုရေး၊ စီးပွားရေး အကျိုးဆက်များနှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်းကမျှ လာရောက်ရှင်းပြခြင်း၊ ပညာပေးခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

“ထိုင်းမှာတော့ ဒီလိုစက်မှုဇုန်တွေရှိလို့ ရောဂါ အရမ်းထူတယ်လို့တော့ ပြောသံကြားတယ်။ တခြား ဘာမှတော့မသိဘူး” ဟု နဘုလယ် ဒေသခံ တဦးကပြောသည်။

ပြည်တွင်း စီးပွားရေးပညာရှင်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် တချို့ကလည်း ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင် မြန်မာနိုင်ငံသည် စီးပွားရေး တိုးတက်မှု မဖြစ်မနေလိုအပ်သည်မှာ မှန်ကန်သော်လည်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်၍ လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောဆိုကြသည်။

“ဒီလိုစက်မှုဇုန်တွေ လာဆောက်ရင် ဖြစ်လာနိုင်မယ့် အကျိုးဆက်ကို တွက်ချက်ပြီးတော့ စည်းမျဉ်းစည်းကမ်းတွေ တိတိကျကျ ချမှတ်ဆောင်ရွက်ဖို့ လိုကိုလိုပါတယ်။ ဒီလိုမှ မလုပ်ဘူးဆိုရင် အခုပြောနေကြသလို မြန်မာနိုင်ငံမှာ လုပ်ချင်တိုင်း လာလုပ်လို့ ရတယ်ဆိုတာ ဖြစ်သွားလိမ့်မယ်” ဟု ပြည်တွင်းစီးပွားရေးပညာရှင်တဦးက သုံးသပ်သည်။

အထူးစီးပွားရေး စက်မှုဇုန်တွင် ပါဝင်မည့် ဆောက်လုပ်ရေး လုပ်ငန်းများအတွက် မြန်မာကုမ္ပဏီများက ၆၀ ရာခိုင်နှုန်း ကန်ထရိုက်ရရှိထားပြီး စစ်အစိုးရ ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သော ဦးဇော်ဇော်ပိုင်ဆိုင်သည့် Max Myanmar နှင့် ဘိန်းဘုရင် လော်စစ်ဟန်၏သား ဦးထွန်းမြင့်နိုင်ပိုင်ဆိုင်သော Asia World ကုမ္ပဏီတို့က အဓိက လုပ်ပိုင်ခွင့် ရရှိထားကြောင်း ရန်ကုန် စီးပွားရေးလုပ်ငန်းရှင် အသိုင်းအ၀န်းမှ သိရသည်။

ဧရာဝတီ သတင်းထောက် အောင်သက်ဝိုင်း ပါဝင်ရေးသားသည်။

မန္တလေး သမိုင်းဝင် စက်ရှင်တံတားကို ဖြိုဖျက်

E-mail Print
မန္တလေးမြို့၏ သမိုင်းဝင် ရှေးဟောင်း အမွေအနှစ် တခုဖြစ်သည့် လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀ ခန့်က တည်ရှိခဲ့သော “စက်ရှင်တံတား” ခေါ် “စည်ရှည်တံတား” ကို ဒီဇင် ဘာ ၂၈ ရက်နေ့မှ စတင်ပြီး ဒေသဆိုင်ရာ အာဏာပိုင်တို့၏ အမိန့်အရ စတင်ဖြိုဖျက်နေပြီ ဖြစ်သည်။

oldmandalay
မန္တလေးကျုံးအတွင်းမှ တံတားတစင်း။
အဆိုပါ စက်ရှင်တံတားသည် မန္တလေး နန်းတော်မြို့ရိုး၏ အနောက်ဘက်တည့်တည့်တွင် တည်ရှိပြီး စည်ရှည်တံခါးမကြီးနှင့် ကျုံးတဖက်ကို ဆက်သွယ်ပေးထားသည့် မန္တလေးနန်းမြို့၏ နောက်ဆုံးလက်ကျန် ယဉ်ကျေးမှု အမွေအနှစ်တခုဟု ဆိုနိုင်ကြောင်း မန္တလေးမြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။

“တိုင်းမှူးအမိန့်နဲ့ ဖျက်ခိုင်းတာ။ ဒုတိယ ကမ္ဘာစစ်အတွင်းကတောင် မပျက်ခဲ့ဘူး၊ အခုမှပဲ ပျက်တော့တယ်။ သမိုင်းအမွေအနှစ်တွေလည်း ကုန်ပြီ၊ ပြစရာမရှိတော့ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ ရှေးဟောင်းတံတားကို ယခု စစ်အစိုးရလက်ထက်တွင် ပြုပြင်ထိန်းသိမ်းမှု မလုပ်ကြောင်း၊ အင်္ဂလိပ်အစိုးရ လက်ထက်က တံတားကြီး အကောင်းပကတိရှိခဲ့ကြောင်း၊ ဒုတိယကမ္ဘာစစ်အတွင်းက တံတားကြမ်းခင်းများ ပျက်စီးခဲ့သော်လည်း တံတားထိပ်တွင် အုတ်ခုံကြီးများနှင့် လက်ရန်းကြီးများ၊ တိုင်ကြီးများ အကောင်းပကတိ ကျန်ရှိနေသေးကြောင်း အဆိုပါ မန္တလေးမြို့ခံက ဆိုသည်။

၁၈၅၉ ခုနှစ် ရတနာပုံခေတ် မင်းတုန်းမင်းကြီး မန္တလေးနန်းတော် မြို့တည်စဉ်ကတည်းက မြို့ရိုးများနှင့် အရပ်လေးမျက်နှာကို ဆက်သွယ်ထားသည့် တံတားပေါင်း ၆ စင်းရှိရာ အနောက်ဘက်တွင် စက်ရှင်တံတားဟု အများခေါ်တွင်နေသည့် စည်ရှည်တံတားနှင့် အာဠ၀ီတံတား ခေါ် ကြေးမုံတံတား ၂ စင်း ရှိသည်။

စည်ရှည်တံတားနှင့် တံခါးကို ဗေဒင်ကိန်းခန်းအရ ပါပဓာတ်တံခါး “စရေ” ဟူသော ဓာတ်သင့်နံသင့်အရ မြို့တော် အရှည်တည်တံ့စေသော နိမိတ်ဖြင့် ၁၈၅၉ ခုနှစ် မေလ ၂၂ ရက်နေ့တွင် ပြအိုးနှင့် ပြသာဒ်တိုင်ကူ၍ တံခါးအမည် မော်ကွန်းတိုင် စိုက်ထူခဲ့ကြောင်း မန္တလေးအဘိဓာန်တွင် ဖော်ပြထားသည်။

အာဠ၀ီတံတားကိုလည်း သုတ်သင်ရမည့် ရာဇ၀တ်သားများနှင့် အသုဘများကို မြှုပ်နှံရန် မြို့အတွင်းမှ ထုတ်ယူသည့် တံတား၊ မင်္ဂလာမရှိသည့် တံတားဟု သတ်မှတ်ခဲ့သည်။

မင်္ဂလာအခမ်းအနားများနှင့် မင်းညီမင်းသား၊ ဘုရင်နှင့် မိဖုရားများထွက်သည့် တံခါးကိုမူ ကျော်မိုးတံခါးဟု သမုတ်ခေါ်ဝေါ်သည်။

၁၈၈၅ ခုနှစ် အထက်မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းယူပြီး ကိုလိုနီပြုခဲ့ချိန်မှ စတင်၍ နန်းတွင်းတခုလုံးကို သိမ်းပိုက်ကာ စစ်တန်းလျားများအဖြစ် အသုံးပြုခဲ့သည်။

လွတ်လပ်ရေးရပြီး ၁၉၅၀ ခုနှစ်ခန့်က ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ကျောက်စာဌာနမှ ရတနာပုံခေတ် မန္တလေးနေပြည်တော် အဟောင်းကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမှုတချို့ ပြုလုပ်နိုင်ခဲ့သည်။

သို့သော် စစ်အစိုးရ စတင် အုပ်ချုပ်ခဲ့သည့် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မန္တလေးနန်းတော်ကို ယခင် ဘုရင်များ လက်ထက် အတိုင်း ရှိစေရန်ဟုဆိုကာ နန်းတော်ရာ နေရာဟောင်းများတွင် အဆောက်အဦးအသစ်များ ဆောက်လုပ်စေခဲ့သည်။

မန္တလေးမြို့နေ သမိုင်းပညာရှင်တဦးဖြစ်သည့် စာရေးဆရာကြီး နတ်မောက်ထွန်းရှိန်က “ဘာကြောင့်လုပ်တယ်လို့တော့ မှတ်ချက်မပေးချင်ဘူး။ ဒါပေမယ့် ရှေးဟောင်းဆိုတော့ ကျနော်တို့ မြတ်နိုးတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဆရာကြီး နတ်မောက်ထွန်းရှိန်သည် ပြီးခဲ့သည့်လအတွင်းကပင် မော်နီတာဂျာနယ်နှင့် မန္တလေးနေ့စဉ် သတင်းစာတွင် အဆိုပါ တံတားကြီးကို ပြုပြင်ထိန်းသိမ်းရန်အတွက် တံတားကြီး၏ သမိုင်းမှတ်တမ်းကို ဓာတ်ပုံများနှင့် တကွ ဖော်ပြရေးသားခဲ့သေးသည်။

ဆရာကြီး နတ်မောက်ထွန်းရှိန်သည် ၂၀၀၁ ခုနှစ်က မန္တလေးမြို့နှင့် ပတ်သက်၍ ရေးသားထားသည့် “၀င်းတွေနှင့် တည်သည့် မင်းနေပြည်” ဆိုသည့် စာအုပ်ဖြင့် အမျိုးသားစာပေဆု ဖြစ်သည့် သုတပဒေသာ ၀ိဇ္ဖာဆုကို ရရှိခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် “မန္တလေး နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်” စာအုပ်ကို အင်္ဂလိပ် - မြန်မာနှစ်ဘာသာဖြင့် ထပ်မံရေးသားခဲ့သည်။

အ၀ါဝတ် ဆန္ဒပြသူ ၈၀ ခန့် ထိုင်းတရားရုံးက ပြစ်ဒဏ်ချမှတ်


လွန်ခဲ့တဲ့ ၂ နှစ်က ၀န်ကြီးချုပ် သက်ဆင်ကို ဖြုတ်ချဖို့ ကြိုးစားမှု တရပ်အဖြစ် နိုင်ငံတော်ပိုင် ရုပ်မြင်သံကြား သတင်းဌာနကို ၀င်ရောက်စီးနင်းခဲ့သူ အ၀ါရောင်ဝတ် ဆန္ဒပြသူ အမျိုးသားရေးဝါဒီ ၇၉ ယောက်ကို ထောင်ဒဏ်ချမှတ်လိုက်ပါပြီ။
အဲဒီ အ၀ါရောင်ဝတ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြခဲ့သူ ၇၉ ယောက်ကို တရားမ၀င် စုရုံးမှု၊ ပိုင်နက်ကျူးလွန်မှု၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုနဲ့ တရားမ၀င် လက်နက် ကိုင်ဆောင်မှု စတဲ့ အမှုတွေနဲ့ ထောင်ဒဏ် ၆ လကနေ ၂ နှစ်ခွဲအထိ ချမှတ်ခဲ့တာပါ။ တခြား နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အများအပြားကိုလည်း ဆိုင်းငံ့ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ပါတယ်။
ဘုရင်စနစ်နဲ့ အစိုးရ စစ်တပ်ကို ထောက်ခံသူ အ၀ါရောင်ဝတ် ဆန္ဒပြသူတွေဟာ ၂၀၀၈ ခုနှစ် သြဂုတ်လတုန်းက အစိုးရပိုင် အသံလွှင့်ဌာနကို ၀င်ရောက်စီးနင်းပြီး အဲဒီတုန်းက ၀န်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ မစ္စတာသက်ဆင်ကို ရာထူးက ဖယ်ရှားဖို့ ကြိုးစားခဲ့ကြတာပါ။
၂၀၀၈ ခုနှစ်ကုန်ပိုင်းမှာတော့ အ၀ါရောင်ဝတ် ဆန္ဒပြသူတွေဟာ ဘန်ကောက်မြို့တော်က လေဆိပ် ၂ ခုကို ပိတ်ပြီး ဆန္ဒပြခဲ့ကြတဲ့အတွက် တိုင်းပြည်ရဲ့ စီးပွားရေးကို အဓိက ထိခိုက်နစ်နာမှုတွေ ဖြစ်စေခဲ့ပါတယ်။
၂၀၀၈ ခုနှစ်  ဒီဇင်ဘာလမှာတော့ တရားရုံးချုပ်က မစ္စတာသက်ဆင် အစိုးရကို ဖျက်သိမ်းကြောင်း ကြေညာပြီး အတိုက်အခံတွေကို အာဏာလွှဲပြောင်းယူဖို့ ထောက်ခံခဲ့ပါတယ်။
၂၀၀၆ ခုနှစ်ကတည်းက မစ္စတာသက်ဆင်ကို အဂတိ လိုက်စားမှုတွေနဲ့ ထိုင်းစစ်တပ်က ရာထူးက ဖယ်ရှားခဲ့တာပါ။ အခု မစ္စတာသက်ဆင်ဟာ ထောင်ဒဏ်ချမှတ်မှုကို မခံယူဘဲ ပြည်ပမှာ ထွက်ပြေး တိမ်းရှောင်နေတာလည်း ဖြစ်ပါတယ်။
မစ္စတာသက်ဆင်ဟာ သူ့ကို ထောက်ခံကြတဲ့ ကျေးလက်က လူဆင်းရဲတွေ၊ အလုပ်သမား လူတန်းစားတွေကို အနီဝတ် ဆန္ဒပြမှုကြီးတခု ဖြစ်အောင် စီမံဆောင်ရွက်ခဲ့ပါတယ်။

မြောက်ကိုရီးယား စစ်ရေးတိုးမြှင့်မှု တောင်ကိုရီးယား ထောက်ပြ

တောင်ကိုရီးယား စစ်တပ်ရဲ့ အဆင့်မြင့် နည်းပညာ လက်နက်တွေကို ရင်ဆိုင်ဖို့အတွက် မြောက်ကိုရီးယားဟာ အထူးတပ်ဖွဲ့တွေ၊ နျူကလီးယား လက်နက်တွေနဲ့ တာဝေးပစ် အမြောက်တွေကို ပိုအားထားလာနေပြီး သူ့ရဲ့ စစ်ရေးစွမ်းရည်တွေကို မြှင့်တင်လာနေတယ်လို့ တောင်ကိုရီးယားဘက်က ပြောလိုက်ပါတယ်။
ကြာသပတေးနေ့က ထုတ်ပြန်လိုက်တဲ့ တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ သုံးသပ်ချက်မှာ မြောက်ကိုရီးယားဟာ ကျားမုန်တိုင်းလို့ ခေါ်တဲ့ သံချပ်ကာ ကားအသစ်တွေကို တပ်ဖြန့်ထားတယ်လို့ ဆိုပါတယ်။ အဲဒီ သံချပ်ကာကားဟာ ယခင် ဆိုဗီယက် ပြည်ထောင်စုက T-72 အမျိုးအစား သံချပ်ကာ ကားအပေါ်မှာ အခြေခံ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်မြို့ကို ရုတ်တရက် အကြီးအကျယ် ဗုံးကြဲ တိုက်ခိုက်နိုင်တဲ့ အမြောက်တွေနဲ့ ဒုံးကျည်တွေကို ၂ နိုင်ငံ နယ်စပ်မျဉ်းနားမှာ ချထားတယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ ကာကွယ်ရေးဆိုင်ရာ အကြံပေး စာတမ်းမှာတော့ မြောက်ကိုရီးယားကို ရန်သူလို့ ခေါ်ဆိုထားပြီး တောင်ကိုရီးယားကို တိုက်ခိုက်ထိုးဖောက် ၀င်ရောက်ပြီး အဓိကကျတဲ့၊ မဟာဗျူဟာ ပစ်မှတ်တွေကို တိုက်ခိုက်နိုင်ဖို့အတွက် မြောက်ကိုရီးယားမှာ လေ့ကျင့်ပေးထားတဲ့ အထူးတပ်ဖွဲ့ဝင် အင်အား ၂၀၀,၀၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။

မြန်မာဒုက္ခသည် ၈,၀၀၀ ကျော် ထိုင်းနယ်စပ်မှာ ပုန်းအောင်းနေဆဲ


ထိုင်းနိုင်ငံနဲ့ နယ်စပ် ကရင်ပြည်နယ် အရှေ့ဘက်ခြမ်းမှာ မြန်မာစစ်အစိုးရ တပ်တွေနဲ့ DKBA တပ်တွေကြား တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်လာသူ ဒုက္ခသည်တွေကို ထိုင်းအစိုးရက ဌာနေကို ပြန်လည် ပို့ဆောင်နေပေမဲ့ နယ်စပ်တလျှောက်က အုန်းဖန်၊ ဖွတ်ဖ၊ မဲဆောက် စတဲ့ဒေသတွေမှာ ဒုက္ခသည် ၈,၂၀၀ ကျော် ရှိနေပါသေးတယ်။ သူတို့ဟာ အတည်တကျ နေထိုင်ရတဲ့ ဒုက္ခသည် စခန်းတွေမှာ နေထိုင်ခွင့် မရဘဲ ယာယီစခန်းတွေမှာသာ နေနေရတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။
ထိုင်း၊ မြန်မာ နယ်စပ်မှာ မြန်မာစစ်တပ်နဲ့ DKBA တပ်တွေရဲ့ တိုက်ပွဲတွေအတွင်း လက်နက်ကြီးစ ထိမှန်တာ၊ မိုင်းနင်းမိတာ၊ ပေါ်တာဆွဲခံရတာတွေ ဖြစ်နေတာကြောင့် ဒေသခံ တိုင်းရင်းသားတွေဟာ နေရပ်ရင်းက အလုပ်တွေကို ပစ်ထားပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်လာခဲ့ကြပါတယ်။
ထွက်ပြေး တိမ်းရှောင်လာသူတွေကို ထိုင်းက စစ်ပွဲတွေ ရပ်တာနဲ့ နေရပ်ရင်းကို ပြန်ပို့နေတာကြောင့် ဒုက္ခသည်တွေက နေရပ်ရင်းကို မပြန်ဘဲ သောင်ရင်းမြစ်တလျှောက် ကမ်းနားတွေက ၀ါးရုံရိပ်တွေမှာ နေနေကြသလို တချို့ ထိုင်းဘက်ခြမ်းက ပြောင်းခင်းတွေ၊ လယ်တဲတွေ၊ နီးစပ်ရာ မိသားစုဝင်တွေရဲ့ အိမ်အောက်တွေမှာ နေထိုင်နေကြတဲ့ ဒုက္ခသည် အရေအတွက် ၈,၀၀၀ ကျော်ရှိကြောင်း ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ မယ်တော်ဆေးခန်းက တာဝန်ရှိသူလည်းဖြစ်၊ မဲဆောက်ဒေသဆိုင်ရာ တာဝန်ခံလည်းဖြစ်တဲ့ ဆရာနေဦးက အခုလို ရှင်းပြပါတယ်။
“၈,၂၀၀ ကျော်တယ်၊ အဲဒီမှာ ဧရိယာ ၄ ခုရှိတာပေါ့။ ဧရိယာ ၄ ခု ဆိုတာက ထဆောင်ယမ်း ဧရိယာရယ်၊ အုန်းဖန် ဧရိယာရယ်၊ ဖွတ်ဖ ဧရိယာရယ်၊ မဲဆောက် ဧရိယာရယ်ပေါ့။ အဲဒီမှာ ဆိုက်တွေ ဆိုက်တွေနဲ့ ခွဲထားတယ်။ အဲဒီမှာ ဆိုက် ၄ ခုဆိုရင် လူဦးရေ အားလုံး ၈,၂၀၀ ကျော်တယ်။”
ထိုင်းစစ်တပ်ဘက်က နေရပ်ရင်းကိုပြန်ဖို့ ပြောနေတာကြောင့် နယ်စပ်တလျှောက်မှာ ဖြစ်သလို နေထိုင်နေကြတဲ့ အခြေအနေ ရှိနေတယ်လို့လည်း ပြောပြပါတယ်။
“အခုက ကယ်ဆယ်ရေး စခန်းမှ မရှိဘဲ။ ထိုင်းစစ်တပ်က သူတို့ကို ပေးမနေဘူးလေ။ ပေးမနေတော့ သူတို့က ရွာထဲမှာ ရွာခံလူတွေနဲ့ ပေါင်းပြီး ရွာထဲမှာရှိတဲ့ အိမ်တွေမှာ နေတယ်။ ပြီးတော့ ချောင်း ကမ်းနား ၀ါးရုံပင်အောက်၊ သစ်ပင်အောက်တွေမှာ နေတယ်။ နောက် တချို့ကတော့ သူများ လယ်တဲတို့၊ ပြောင်းဖူးတဲတို့ အဲဒီမှာ တောင်းပြီး နေကြတယ်။”
ဒုက္ခသည်တွေကို အခြေခံ အစားအစာတွေဖြစ်တဲ့ ဆန်၊ ဆီ၊ ပဲ၊ ငါးသေတ္တာနဲ့ ကလေးနဲ့ အမျိုးသမီးတွေအတွက် အ၀တ်အစားတွေကို ပေးဝေမှုတွေ လုပ်ခဲ့ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုတွေအတွက် ယာယီဆေးခန်းလေးတွေ ဖွင့်ပြီး အကူအညီ ပေးခဲ့တယ်လို့ ကယ်ဆယ်ရေး လုပ်နေသူတွေက ဆိုပါတယ်။ အခုလက်ရှိ ကြုံနေရတဲ့ ကျန်းမာရေး ပြဿနာတွေနဲ့ ပတ်သက်ပြီး ကုသပေးနေရတာတွေကိုလည်း ပြောပြပါတယ်။
“အခုလောလောဆယ် ကျနော်တို့ တွေ့နေရတာတော့ ပြေးရင်း လွှားရင်းနဲ့ အသက်ကြီးပိုင်းတွေကြတော့ လဲကျလို့ ဒဏ်ရာရတာနဲ့ များသောအားဖြင့် ကလေးသူငယ်လေးတွေ အအေးမိတာပေါ့၊ နှာစေးတယ်၊ အအေးမိတယ်၊ အဲဒီဟာတွေပဲ ပိုများတယ်။ ပြီးတော့ ကိုယ်ဝန်ဆောင် မိခင်တွေရော၊ ကလေးငယ် ရက်ပိုင်းသားလေးတွေလည်း ရှိတယ်။ အဲဒီလိုမျိုးကြတော့ ကျနော်တို့က ကလေးနဲ့ ပတ်သက်တဲ့ အနွေးထည်လိုမျိုး၊ အင်္ကျီတို့၊ ဦးထုပ်တို့ အဲဒီလိုမျိုးတွေကအစ သူတို့ကို ပြန်ပြီး ပံ့ပိုးပေးတယ်။”
ဒုက္ခသည်တွေအနေနဲ့ စစ်ပွဲတွေ မပြီးဆုံးသေးတဲ့အတွက် လုံခြုံမှုမရှိတဲ့ အခြေအနေအောက်မှာ ပြန်ဖို့အတွက် မသင့်သေးကြောင်းတွေကိုလည်း ပြောပြပါတယ်။
“လက်ရှိ အခြေအနေက ပြန်ဖို့တော့ မသင့်တော်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ မဲဆောက်ဧရိယာမှာရှိတဲ့ ဖလူးခွင်ဆိုရင် နေ့တိုင်း တိုက်ပွဲရှိတယ်။ ပြောက်ကျားအနေနဲ့ကတော့ တရက်ကို တပွဲလောက်ကတော့ ဖြစ်နေတယ်။ မနေ့ကပဲ ရသေ့တောင်ဆိုတဲ့ ရွာမှာ တိုက်ပွဲဖြစ်တဲ့ အခါကြတော့ အဲဒီ ရသေ့တောင်မှာရှိတဲ့ ရွာသားတွေက ထွက်ပြေးလာတယ်။ ကျနော်တို့ မြင်ရတဲ့ ဒုက္ခသည်ကတော့ ရွာထဲမှာ တိုက်ပွဲဖြစ်တယ်၊ နောက် ရွာထဲမှာ လက်နက်ကြီးတွေ ကျတယ်ဆိုတော့ သူတို့က မနေရဲဘူး။ နေလို့မရဲတော့ သူတို့က ဒီဘက်ကို ပြေးလာရော။ နည်းနည်း သေနတ်သံ မကြားဘူးဆိုရင် ယောက်ျားလေးတွေက ခဏတဖြုတ် အိမ်ပြန်ကြည့်တယ်။
“နောက်တခုက သူတို့ မပြန်ရဲတာက ပြန်သွားပြီးရင် ပေါ်တာအဖြစ် သူတို့ကို ဖမ်းတာ။ နောက်တခုက အခု နအဖကလည်း အမိန့်ထုတ်ထားတာ ရှိတယ်။ အခု သူတို့ ရှင်းလင်းရေး လုပ်တဲ့အချိန်မှာ တွေ့တာနဲ့ DKBA ဖြစ်ဖြစ်၊ KNU ဖြစ်ဖြစ်၊ ရွာသားပဲဖြစ်ဖြစ် ပစ်ဖို့ပဲ အမိန့်ပေးထားတယ်။ အဲဒီအတွက်ကြောင့်လည်း ရွာသားတွေက ပြန်ဖို့မရဲဘူး။ ပစ်မှာပဲ၊ ရွာထဲမှာလည်း လူတွေ တယောက်မှ မရှိတော့ဘူး။”
ပြီးခဲ့တဲ့ရက်ကပဲ ထိုင်းနိုင်ငံဘက်ခြမ်း ကယ်ဆယ်ရေးစခန်းမှာ နေထိုင်နေတဲ့ ဒုက္ခသည်တွေကို ထိုင်းနိုင်ငံက လုံခြုံမှု မရှိသေးဘဲ ပြန်လည်ပို့ဆောင်တဲ့အတွက် ထိုင်းနိုင်ငံရဲ့ လုပ်ရပ်ဟာ တခြားနိုင်ငံကနေ ဒုက္ခဖြစ်ပြီး ထွက်ပြေးလာသူတွေကို နေရင်းနိုင်ငံမှာ လုံခြုံမှု မရှိမချင်း ပြန်မပို့ဘဲ စေတနာ့ဝန်ထမ်းအဖြစ် လက်ခံထားရမယ် ဆိုတဲ့ ကုလသမဂ္ဂရဲ့ အခြေခံ စံတွေနဲ့ မကိုက်ညီဘူးလို့ UNHCR က ထိုင်းအာဏာပိုင်တွေကို ပြစ်တင် ရှုတ်ချကြောင်းကိုလည်း ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း မြန်မာဘက်က တိုက်ပွဲဖြစ်တိုင်း ထိုင်းနိုင်ငံဘက်က လက်ခံပေးတာကိုတော့ ကျေးဇူးတင်ကြောင်း ပြောထားပါတယ်။
အခုလက်ရှိ နယ်စပ်တလျှောက် ဒုက္ခသည်တွေ နေထိုင်နေတာကိုတော့ ထိုင်းစစ်တပ်က သိရှိပေမဲ့ ကယ်ဆယ်ရေး စခန်းတွေ အကြာကြီးဖွင့်ပြီး လက်မခံတာကလွဲရင် သိသာထင်ရှားတဲ့ အနှောင့်အယှက် ပေးမှုတွေကိုတော့ မလုပ်သေးပါဘူး။

အမေရိကန်နှင့် ဆက်ဆံရေးကောင်းဖို့ မြန်မာဘက်က တိုးတက်မှု ပြရန်လို


မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတွေ တိုးမြှင့်သွားဖို့ ရည်ရွယ်ထားပေမဲ့ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် စစ်အစိုးရဘက်က လုပ်ဆောင်ဖို့ လိုအပ်နေဆဲ ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ထွန်းကားတဲ့ တိုင်းပြည်အဖြစ် ပေါ်ထွန်းလာဖို့၊ နိုင်ငံတကာ အသိုင်းအ၀န်းနဲ့အတူ အမေရိကန် ပြည်ထောင်စုက မျှော်လင့်ထားတယ်လို့လည်း မြန်မာ့လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အမေရိကန် နိုင်ငံခြားရေးဌာနက မနေ့တုန်းကပဲ ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုလိုက်တာပါ။ ဒီအကြောင်း အပြည့်အစုံကို အမေရိကန် နိုင်ငံခြားရေးဌာနကို ဆက်သွယ် မေးမြန်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
ဒီမိုကရေစီနည်းကျတဲ့ တိုင်းပြည်တခုအဖြစ် ထွက်ပေါ်လာဖို့ မြန်မာစစ်အစိုးရ အနေနဲ့ နိုင်ငံရေး တိုးတက်မှုတွေ လုပ်ရလိမ့်မယ်လို့  ဇန်န၀ါရီလ ၄ ရက် အင်္ဂါနေ့မှာ ကျရောက်မယ့် ၆၃ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာ ပြောဆိုလိုက်တာပါ။
လွတ်လပ်ရေးနေ့ အခါသမယမှာ မြန်မာပြည်သူတွေ မျှော်လင့်နေတဲ့ ဒီမိုကရေစီ တိုင်းပြည်အဖြစ် ပေါ်ထွန်းလာစေဖို့ ဆက်လက် ထောက်ခံအားပေးသွားမှာ ဖြစ်တဲ့အကြောင်း ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်က ဖော်ပြခဲ့တာလို့ အမေရိကန် နိုင်ငံခြားရေးဌာန အရှေ့အာရှရေးရာ လူထုဆက်ဆံရေးဌာနရဲ့ ညွှန်ကြားရေးမှူး ဒါရာ ပရာဒီဆို (Darragh Paradiso) က ပြောပါတယ်။
“လွတ်လပ် ငြိမ်းချမ်းပြီး သာယာဝပြောတဲ့၊ ဒီမိုကရေစီ နည်းကျတဲ့ မြန်မာနိုင်ငံ ဖြစ်လာဖို့အတွက် ကျမတို့ အနေနဲ့ တစိုက်မတ်မတ် အားပေး ထောက်ခံပါတယ်။”
မြန်မာစစ်အစိုးရရဲ့ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေ နိမ့်ကျနေတဲ့အတွက် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုမှာ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အစိုးရ တက်လာခဲ့တဲ့နောက် မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒတွေကိုပါ ချမှတ် ကျင့်သုံးလာခဲ့တာပါ။
ဒါပေမဲ့လည်း စစ်အစိုးရဘက်က ဆက်ဆံရေးတွေ တိုးတက်လာစေမယ့် ပြုပြင်ပြောင်းလဲမှုတွေကိုတော့ ထိထိရောက်ရောက် ကျင့်သုံးတာမျိုး မရှိသေးဘူးလို့လည်း အမေရိကန် ပြည်ထောင်စုက ပြောဆိုထားတာ ဖြစ်ပါတယ်။ အမေရိကန်က ဆက်ဆံရေးတွေ တိုးမြှင့်နိုင်ဖို့ လမ်းဖွင့်ထားဆဲ ဖြစ်ပေမဲ့ စစ်အစိုးရက သိသာတဲ့ နိုင်ငံရေး ခြေလှမ်းတွေကို လှမ်းမှသာ ဖြစ်နိုင်လိမ့်မယ်လို့လည်း နိုင်ငံခြားရေးဌာန ကြေညာချက်က အလေးထား ပြောဆိုခဲ့တာပါ။
“အမေရိကန် ပြည်ထောင်စု အနေနဲ့ ၂ နိုင်ငံကြား ဆက်ဆံရေးတွေ တိုးတက်စေဖို့ ပြင်ဆင်ထားဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံသားတွေ အားလုံးနဲ့ စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်မှုတွေ ရရှိစေဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးတာ၊ အားလုံးပါဝင်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ ဆွေးနွေး ပြောဆိုမှုတွေကို လုပ်ဆောင်တာတွေနဲ့ မတူကွဲပြားတဲ့ သူတွေရဲ့ ဆန္ဒတွေကို မြန်မာအစိုးရက ဖြည့်ဆည်းပေးနိုင်သလား ဆိုတာကိုလည်း အမေရိကန် ပြည်ထောင်စုက ကြည့်နေပါတယ်။”
မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒတွေရဲ့ တစိတ်တပိုင်းအဖြစ် အမေရိကန် နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက် ယွန်း (Joseph Yun) ဒီဇင်ဘာလ ၇ ရက်နေ့တုန်းက ၄ ရက်ကြာ မြန်မာနိုင်ငံကို သွားရောက်ခဲ့တာပါ။ ခရီးစဉ် အတွင်းမှာတော့ စစ်အစိုးရ တာဝန်ရှိသူတွေနဲ့ သာမက နိုဝင်ဘာလ ၁၃ ရက်နေ့မှာ နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက်လာတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဒီလို ဆက်ဆံမှုတွေဟာ အမေရိကန် ပြည်ထောင်စုရဲ့ အမျိုးသား အကျိုးစီးပွား အတွက်ပါ အထောက်အကူ ဖြစ်စေတာမို့ ဆက်လက် ကျင့်သုံးသွားမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ တဦးဖြစ်တဲ့ မာ့ခ် တုန်နာ (Mark Toner) ကလည်း ဗုဒ္ဓဟူးနေ့ကပဲ ပြောဆိုခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ကတော့ အမေရိကန် ပြည်ထောင်စု အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည် လွတ်မြောက်ရေးလို ကိစ္စမျိုးတွေမှာ တိတိကျကျ သတ်မှတ်ချက်တွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားတဲ့ မူဝါဒမျိုး ချမှတ်သင့်တဲ့ အကြောင်းနဲ့ နိုင်ငံတကာ အသိုင်းအ၀န်း အနေနဲ့ တစုတစည်းတည်း မြန်မာ့အရေးကို ပူးပေါင်း ဆောင်ရွက်နိုင်ရင် ပိုမိုထိရောက်မှု ရှိနိုင်မယ့်အကြောင်း ဗွီအိုအေ မြန်မာပိုင်းနဲ့ မေးမြန်းခန်းတခုအတွင်း ပြောဆိုထားတာပါ။
မြန်မာ့လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံခြားရေးဌာနရဲ့ ကြာသပတေးနေ့ ကြေညာချက်မှာတော့ အမေရိကန် ပြည်ထောင်စုဟာ နိုင်ငံတကာ မိသားစုနဲ့အတူ မြန်မာနိုင်ငံသားတွေ လွတ်လပ်ရေးရဲ့ အရသာကို ခံစားနိုင်ဖို့ မျှော်လင့်ထားဆဲ ဖြစ်တဲ့အကြောင်း ပြောခဲ့ပါတယ်။
“မြန်မာနိုင်ငံသားတွေ အနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးတွေကို လွတ်လွတ်လပ်လပ် ခံစားကျင့်သုံးနိုင်ဖို့ ကြိုးပမ်းမှုတွေ အောင်မြင်မယ့် တနေ့ကို နိုင်ငံတကာ မိသားစုနဲ့အတူ ကျမတို့ကလည်း မျှော်လင့် စောင့်စားနေပါတယ်။”
မြန်မာစစ်အစိုးရကတော့ ဒီမိုကရေစီနည်းကျတဲ့ တိုင်းပြည်တခုအဖြစ် အကောင်အထည် ဖော်နေတဲ့ လုပ်ငန်းစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် ဆိုပြီး နိုဝင်ဘာလ ၇ ရက်နေ့တုန်းက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲတွေ ကျင်းပခဲ့တာပါ။ ဒါပေမဲ့လည်း အမေရိကန် ပြည်ထောင်စု အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းကတော့ ဒီမိုကရေစီ လိုလားသူတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခွင့် မရှိသလို အများက ယုံကြည်လက်ခံဖို့ ခက်ခဲတဲ့ အခြေအနေအောက်မှာ ရွေးကောက်ပွဲတွေကို ကျင်းပခဲ့တာလို့ ပြောဆိုထားကြတာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း နအဖ တပ်သား တဦး DKBA ဖမ်းမိ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါ်လေ ဒေသတွင် ယမန်နေ့က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖ တပ် စကခ ၁၉ လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ ၂၉၉ တို့ တိုက်ပွဲငယ် ဖြစ်ပွားရာ နအဖ တပ်သား တဦးကို DKBA က ဖမ်းမိထားကြောင်း သိရသည်။ ယင်းဖမ်းမိ တပ်သားကို မသတ်ပစ်ဘဲ စစ်သုံ့ပန်း အနေနှင့် ထိန်းသိမ်း ထားမည်ဖြစ်သည်ဟု DKBA တပ်မဟာ ၅ မှ ဗိုလ်မှူးကြီး စောကျော်သက်က ပြောသည်။

ဒေါ်စုနှင့် တွေ့ဆုံမှုကို NDF အားရကျေနပ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ တွေ့ဆုံရသည့်အပေါ် အားရကျေနပ်ကြောင်း NLD မှ ခွဲထွက်၍ ၂၀၁၀ ရွေးကောက်ပွဲဝင် အမျိုးသားဒီမိုကရေစီအင်အားစု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။

suukyi-meets-ndf-leaders2
NDF ခေါင်းဆောင်များကို ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုနေစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)
ဦးခင်မောင်ဆွေ၊ ဒေါက်သန်းငြိမ်းနှင့် ဒေါက်တာဝင်းနိုင် စသည့် NDF ခေါင်းဆောင်များနှင့် ပါတီလူငယ် ၂ ဦးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ ကိုယ်ရေးအရာရှိ ဦးဝင်းထိန်က ဦးတင်ဦးနေအိမ်၌ ယနေ့မနက်တွင် တနာရီခန့်ကြာ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

“တွေ့ဆုံရတာ အားရကျေနပ်မှု ရှိပါတယ်။ မတွေ့တာလည်း ကြာပြီဆိုတော့ ၀မ်းသာကြတာပေါ့။ ပါတီနှင့် ပတ်သက်တာတွေကို မပြောဖြစ်ပါဘူး။ ပုဂ္ဂ္ဂိုလ်ရေးအရသာ တွေ့တာပါ။ နိုင်ငံရေးကိစ္စတွေတော့ မပါပါဘူး” ဟု NDF အကြံပေးပုဂ္ဂိုလ် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာ သူ့ရဲ့မျက်နှာ ရွှင်ပြပြီးတော့၊ မျက်စိက အရောင်တောက် ပြီးတော့ ပြုံးပြုံးရွှင်ရွှင်နဲ့ ကျနော်တို့ကို ကြိုဆိုပါတယ်။ ကိုယ်ရေးကိုယ်တာ ဆွေးနွေးတဲ့အတွက် အိမ်ထောင်ရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ ဟိုတုန်းက အကြောင်းတွေကိုပဲ ပြန်ပြီးတော့ ပြောကြတာပါ။ ဟိုတုန်းက လုပ်ဖော်ကိုင်ဘက် ဟောင်းတွေကို တွေ့ဆုံတဲ့ ပွဲတွေလေးပဲ ဖြစ်ပါတယ်” ဟု ပြောသည်။
suukyi-meets-ndf-leaders3
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် NDF ခေါင်းဆောင်များ ရောက်ရှိလာစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)

ယခင် NLD လူငယ်ဟောင်းများဖြစ်ကာ လက်ရှိ NDF အဖွဲ့ဝင် ကိုမျိုးအောင်နှင့် ကိုမြင့်လွင်ကို နာရီဝက်ခန့်ကြာ တွေ့ဆုံပြီးနောက် NDF ခေါင်းဆောင်များကို တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ယနေ့ တွေ့ဆုံပွဲနှင့်ပတ်သက်၍ NDF မှ ရွေးကောက်ပွဲအနိုင်ရ အမတ်တဦးက "အခုတွေ့တာ ကျနော်တို့နဲ့ မဆိုင်ဘူး။ ပါတီခေါင်းဆောင်တွေအနေနဲ့ တွေ့တာမဟုတ်ဘူး။ အရင် NLD လုပ်ဖော်ကိုင်ဘက်ဟောင်းတွေအနေနဲ့ တွေ့တာ။ ဒါဟာ ပါတီကို ကိုယ်စားပြုပြီး တွေ့တာမဟုတ်ဘူး။ အဲဒီတော့ ကျနော်တို့အနေနဲ့ ဘာမှ ပြောစရာ၊ ဝေဖန်စရာ မရှိပါဘူး" ဟု မဇ္ဈိမကို ပြောသည်။

နောက်ပိုင်းတွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်မံတွေ့ဆုံသွားမည်ဟု ဦးခင်မောင်ဆွေက ပြောသော်လည်း၊ မည်သည့်အကြောင်းကိစ္စကို ဆွေးနွေးမည်ဟု ရည်ညွှန်းပြောဆိုခြင်း မရှိပါ။
suukyi-meets-ndf-leaders1
NDF အကြံပေးပုဂ္ဂိုလ် ဦးခင်မောင်ဆွေ။ (ဓာတ်ပုံ - မဇ္ဈိမ)

NLD က ယခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှု မရှိဟုဆိုကာ ပါတီကို ထပ်မံမှတ်ပုံမတင်ရန်နှင့် ၂၀၁၀ ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် သဘောထားခြင်း မတိုက်ဆိုင်သော ဗဟိုအလုပ်အမှုဆောင် ၄ ဦးနှင့် ဗဟိုဦးစီးအဖွဲ့ဝင် ၇ ဦး အပါအ၀င် ပါတီဝင် ၂၇ ဦးက မေလ ၆ ရက်နေ့တွင် NDF ကို တည်ထောင်ခဲ့သည်။ ၎င်းတို့၏ ပါတီထောင်ခြင်းကို ဇွန်လ ၁၄ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုခဲ့သည်။  ရွေးကောက်ပွဲတွင် NDF အမတ်လောင်း ၁၆၃ ဦး ၀င်ပြိုင်ရာတွင် ၁၆ ဦးသာ ရွေးချယ်တင်မြောက်ခံခဲ့ရသည်။

“မိုးညအိပ်မက်မြူ” အကယ်ဒမီ ရနိုင်ဟု ခန့်မှန်းနေ

E-mail Print
မကြာမီ ကျင်းပမည့် ၂၀၀၉ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲ အတွက် “မိုးညအိပ်မက်မြူ” ဇာတ်ကားကို အကောင်းဆုံး ဇာတ်ကားဆု ရရှိနိုင်ကြောင်း အနုပညာ အသိုင်းအ၀ိုင်းက ထင်ကြေးပေး ခန့်မှန်းနေကြသည်။

moenyaeainmaephyuမိုးညအိပ်မက်မြူ ဇာတ်ကားတွင် မင်းသားနေတိုးနှင့် မင်းသမီး စိုးပြည့်သဇင်၊ သင်ဇာဝင့်ကျော်နှင့် မိုးဟေကိုတို့ ပါဝင်ပြီး စာရေး ဆရာ တက္ကသိုလ် ဘုန်းနိုင် ၏ အောင်မြင်ခဲ့သော ၀တ္ထုကို ဒါရိုက်တာ ကြည်ဖြူရှင်က ပြန်လည် ရိုက်ကူးထားခြင်းဖြစ်သည်။

အဆိုပါဇာတ်ကား၌ မင်းသားနေတိုး က အကယ်ဒမီဆု မျှော်မှန်းကာ အစွမ်းကုန်ကြိုးစား ထားကြောင်း၊ မိုးဟေကိုမှာ သရုပ်ဆောင် ပိုင်းနှင့် ၀တ်စား ဆင်ယင်မှုပိုင်း အားနည်းခဲ့သည့်အတွက် အကယ်ဒမီ မရနိုင်ကြောင်း၊ သင်ဇာဝင့်ကျော်မှာ သရုပ်ဆောင်ပိုင်းတွင် ပီပီပြင်ပြင်လုပ်ပြနိုင်ခဲ့ကြောင်း ကြည့်ရှုခဲ့သည့် ပရိသတ်များက ပြောဆိုကြသည်။

အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုနှင့် အမျိုးသမီး ဇာတ်ဆောင်ဆုများ အတွက် မင်းသားနေတိုးနှင့် မင်းသမီး စိုးမြတ်သူဇာ တို့ ရရှိနိုင်ကြောင်းလည်း အနုပညာ အသိုင်းအ၀ိုင်းတွင် ခန့်မှန်းနေကြသည်။

ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က“ကျနော်ကတော့ ဒီနှစ် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု သရုပ်ဆောင် နေတိုး ရလိမ့်မယ်လို့ ထင်တယ်။ မင်းသမီးထဲမှာတော့ စိုးမြတ်သူဇာပါ”ဟု ပြောသည်။

ယခု ကျင်းပမည့် အကယ်ဒမီပေးပွဲအတွက် ရန်ကုန်နှင့် နယ်မြို့များတွင် ရုံတင်ပြသခဲ့သည့် ဇာတ်ကား ပေါင်း ၁၅ ကားရှိကြောင်း သိရသည်။

၎င်းတို့မှာ ဟော့ရှော့ ၂၊ ယောက္ခမနှင့် တစ်ထောင့်တစ်ည၊ အချစ်ဟု အဓိပ္ပာယ် သက်ရောက်ခြင်း မရှိစေရ၊ ချစ်လို့စတာ၊ ဇော်က ကနေသည်၊ သူငယ်ချင်းယောက္ခမ၊ မာမီရှိန်း၊ ရှော့ရှိတဲ့အချစ်၊ အတိတ်၏အရိပ်၊ မိုးညအိပ်မက်မြူ၊ ကြိုးကြာတောင်ပံခတ်သံ၊ ကျောက်စက်ရေ၊ အတည်ပေါက်နောက်တဲ့ လူ၊ ၀ါဆိုဖယောင်းတိုင်၊ ပင်လယ်ကိုဖြတ်၍ စသည့် ဇာတ်ကားများ ဖြစ်သည်။

မင်းသားနေတိုးက ယခုနှစ်တွင် အကယ်ဒမီဆုရရှိလိမ့်မည်ဟု ၎င်းကိုထင်ကြေးပေးနေကြသည့်အတွက် ၀မ်းသာမိကြောင်း ပြော သည်။

“ကျနော် ဒီနှစ် ရိုက်ထားတဲ့ကားက ၄ ကားရှိပါတယ်။ ဇော်က ကနေသည်။ မိုးညအိမ်မက်မြူ၊ မာမီရှိန်းနဲ့ ကြိုကြာ တောင်ပံခတ်သံ ပါ။ အကယ်ဒမီဆု ရခဲ့မယ်ဆိုရင်တော့ အနုပညာရှင် တယောက် ကြိုးစားမှုအတွက် ရလာမယ့် ရလဒ်တခုလို့ ထင်ပါတယ်”ဟု နေ တိုး က ပြောသည်။

မင်းသားနေတိုးက ၎င်းပါဝင်သရုပ်ဆောင်ခဲ့သည့် မိုးညအိမ်မက်မြူ ဇာတ်ကားကို အကောင်းဆုံးဇာတ်ကားဆု ရရှိနိုင်သည်ဟုလည်း ဆိုသည်။

သရုပ်ဆောင် မိုးယုစံက“ဒီနှစ် အကောင်းဆုံး အမျိုးသားဇတ်ဆောင်ဆုကို ကိုနေတိုးရလိမ့်မယ်လို့ထင်တယ်။ သူကဒီနှစ်အတွက် ၃၊ ၄ ကားလောက် ရိုက်ထားတယ်လေ။ နောက်ထပ်တစ်ယောက်က မြင့်မြတ်လို့ ကြားတယ်။ မင်းသမီးထဲမှာတော့ မအူဝဲ(အိန္ဒြာကျော်ဇင်) ရလိမ့်မယ်လို့ ထင်တယ်။ ပြီးတော့ မစိုးမြတ်သူဇာ လို့လည်းကြားပါတယ်”ဟု ပြောသည်။

ယခုကျင်းပမည့် ၂၀၀၉ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲမှာ ၅၇ ကြိမ်မြောက်ဖြစ်ပြီး နေပြည်တော်တွင် ပဉ္စမအကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။

၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျင်းပသည့် ၂၀၀၈ ခုနှစ်အတွက် ဆုပေးပွဲမတိုင်မီ မိန့်ခွန်းတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း က ယနေ့ မြန်မာ့ ရုပ်ရှင် လောက အဆင့်အတန်းမှာ ဇာတ်လမ်း ဇာတ်ကွက်၊ သရုပ်ဆောင်မှု၊ ၀တ်စားဆင်ယင်မှု၊ studio အပါအ၀င် ရိုက်ကူးရေး အထောက်အကူပြု အပိုင်း၊ ပြသမှုနှင့် ရုပ်ရှင်ရုံ ၀န်ဆောင်မှု ၊ ပြည်ပဈေးကွက် ထိုးဖောက်ပြသ နိုင် မှု၊ စက်မှုနည်းပညာနှင့် ထုတ်လုပ်သူအပိုင်း စသည့် လုပ်ငန်း အားလုံးတွင် အားနည်းချက်၊ လိုအပ်ချက်များရှိနေသေးကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ၂၀၀၈ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲတွင် ဓာတ်ပုံဆု၊ အမျိုးသမီးဇာတ်ပို့ဆု၊ အမျိုးသားဇာတ်ပို့ဆု၊ အမျိုးသမီး ဇာတ်ဆောင်ဆု၊ အမျိုးသား ဇာတ်ဆောင်ဆု၊ ဇာတ်ကားဆု၊ ဒါရိုက်တာဆု အကယ်ဒမီဆု ၇ ဆုသာပေးခဲ့ပြီး ဇာတ်ညွှန်းဆု၊ တည်းဖြတ် ဆု၊ တေးဂီတဆု၊ အသံဆုများကို ပေးအပ်ခဲ့ခြင်း မရှိချေ။

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲတွင်လည်း အမျိုးသမီး ဇာတ်ဆောင်ဆု အပြင် အမျိုးသမီးဇာတ်ပို့ ဆု၊ ဇာတ်ညန်း ဆု၊ တည်းဖြတ် ဆု၊ အသံဆု များကိုလည်း ပေးအပ်ခဲ့ခြင်း မရှိချေ။

ယခုနှစ်တွင်လည်း ပြီးခဲ့သည့် ၂ နှစ်ကကဲ့သို့ အကယ်ဒမီဆုများ ချန်လှပ်နိုင်ကြောင်း အနုပညာအသိုင်းအ၀ိုင်းတွင် ပြောဆိုနေကြ သည်။

ဂီရိသင့်ဒေသကို ကူညီရန် ဒေါ်စုက နိုင်ငံတကာသို့ ပန်ကြား

နယူးဒေလီ (မဇ္ဈိမ) ။      ။ ရခိုင်ပြည်နယ်ရှိ ဂီရိမုန်တိုင်းသင့်ဒေသများ ပြည်လည်ထူထောင်ရေးအတွက် ကူညီပါရန် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်များက နိုင်ငံတကာကို ပန်ကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဝါရင့်နိုင်ငံရေးသမားကြီးများ၊ လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP အဖွဲ့ဝင်များ၊ ၂ဝ၁ဝ ရွေးကောက်ပွဲဝင် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအချို့၊ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)၊ နှင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီတို့မှ ခေါင်းဆောင်များ ဦးရေစုစုပေါင်း ၃ဝ ခန့်က လက်မှတ်ရေးထိုးကာ နိုင်ငံတကာသို့ ယမန်နေ့တွင် ပန်ကြားလွှာတစောင် ထုတ်ပြန်ခြင်း ဖြစ်သည်။

“ဗမာပြည်က မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များအား  ကူညီရန် ပန်ကြားလွှာဆိုပြီး ထုတ်ပြန်တာပါ။ ဒီထုတ်ပြန်ချက်ကို နိုင်ငံအသီးသီးကိုလည်း မနက်ဖြန်ကစပြီး ပေးပို့သွားမှာ ဖြစ်ပါတယ်”  ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။  ပန်ကြားလွှာကို NLD နှင့် CRPP အဖွဲ့ဝင်များက ဂီရိသင့်ဒေသများသို့ မကြာသေးခင်က သွားရောက်ကူညီခဲ့စဉ် ရရှိခဲ့သော အချက်အလက်များကို အခြေခံကာ ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။

ကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးအတွက် ရာခိုင်နှုန်း အနည်းငယ်သာ ကူညီနိုင်သေးကြောင်းနှင့် NLD က တတိယအကြိမ် ကျပ်သိန်း ၁ဝဝ ကျော် တန်ဖိုးရှိ အကူအညီများ ပေးအပ်စဉ် ဒေသခံများက လျှောက်လွှာပေါင်း ၂ဝဝဝ ခန့်ဖြင့် ၎င်းတို့၏ လိုအပ်ချက်ကို တင်ပြခဲ့ရာ ပေါက်တောနှင့် မြေပုံမြို့နယ်အတွက် ဒေါ်လာ ၆ သန်းခန့် လိုအပ်မည်ဟု သုံးသပ်ထားကြောင်း ပန်ကြားလွှာတွင် ဖော်ပြသည်။

ပေါက်တောနှင့် မြေပုံတို့တွင် ဂီရိကြောင့် လယ်မြေဧက ၁ သိန်းခန့်အတွက် ရေငန်တားရန် တာတမံ မိုင်ပေါင်း ၉ဝ ခန့်၊  ရေလုပ်သား ၈၅ဝ အတွက် လုပ်ကိုင်စားရန် လှေများနှင့် ပိုက်များ၊ စာသင်ကျောင်း ၁၂ဝ ခန့်၊ ဘုန်းကြီးကျောင်း ၇ဝ ခန့် ပျက်စီးခဲ့ကာ၊ သောက်သုံးရေ အဝီစိတွင်းများ၊ မိုးရေလှောင်ကန်များ ပြန်လည်တည်ဆောက်ရန်အတွက်  ဒေါ်လာ ၆ သန်းခန့် လိုအပ်ခြင်းဖြစ်ကြောင်း ဦးအုန်းကြိုင်က ပြောသည်။

ယခုလ ၂ဝ ရက်နေ့ထုတ် ရန်ကုန် ကုလ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ UN-OCHA အစီရင်ခံစာတွင် ဂီရိသင့်ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အမေရိကန် ဒေါ်လာ ၅၇ သန်း လိုအပ်လျက်ရှိရာ ထိုအထဲမှ ၂ဝ.၅ သန်းကို ထောက်ပံ့ပြီးပြီဟု ဖော်ပြထားသည်။ ထို့အပြင် လိုအပ်သည့် အရေးပေါ် အကူအညီ၏ ၄၅ ရာခိုင်နှုန်းသာ ပေးနိုင်သေးသည်ဟု ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်နေ့တွင် အင်အားပြင်း ဂီရိဆိုင်ကလုန်းသည် ရခိုင်ကမ်းရိုးတန်းကို တိုက်ခတ်ခဲ့ရာ မြေပုံ၊ ကျောက်ဖြူ၊ မင်းပြားနှင့် ပေါက်တော ဒေသများ၌ ၄၅ ဦး အသက်ဆုံးရှုံးခဲ့ပြီး၊ ၂ သိန်း ၆ သောင်းခန့် အခြေအနေမဲ့ကာ တသိန်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့သည်။

သွားရောက်ကူညီနေသည့် ပုဂ္ဂလိကအဖွဲ့များကလည်း အဆိုပါ ဒေသများတွင် အမိုးအကာနှင့် အစားသောက်များ လိုအပ်နေသေးကြောင်း ပြောဆိုနေကြသည်။

မြန်မာ-တောင်ကိုရီးယား အထူး ဗီဇာကင်းလွတ်ခွင့် သဘောတူ

မြန်မာနိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံတို့အကြား သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများကို အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ရရေး သဘောတူစာချုပ် ချုပ်ဆိုကြကြောင်း သိရသည်။ မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံအမတ်ကြီးက နေပြည်တော်သို့ လာရောက်၍ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး စာချုပ်ချုပ်ဆိုကြခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က လူငယ်ကွန်ယက်ဖွဲ့

ချင်းမိုင် (မဇ္ဈိမ)။      ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ တွေ့ဆုံမှုအပြီး နိုင်ငံရေး နိုးကြားတက်ကြွသော လူငယ်များအကြား ဆက်သွယ်ရေး ကွန်ယက်တခုကို ဖွဲ့စည်းလိုက်သည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ တွေ့ဆုံပွဲ၌ အလွှာစုံမှ လူငယ် ၂ဝဝ ကျော်က ကွန်ယက်ဖွဲ့ရန် သဘောတူဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။


dasskmeetyouths
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် လူငယ်များနှင့် တွေ့ဆုံပွဲကို အင်္ဂါနေ့ ဒီဇင်ဘာ ၂၈ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ပြုလုပ်ရာ နှုတ်ခွန်းဆက်စကား ပြောကြားနေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ တံခါးပိတ် ဆွေးနွေးပွဲသို့ လူငယ် ၂၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
အန်တီစုနဲ့အကြားမှာရော၊ လူငယ်အချင်းချင်း ကြားမှာရော ဘယ်သူက ဘာလုပ်ချင်လဲ၊ ဘာလိုချင်လဲ၊ ဘာပေးချင်လဲ ဆိုတာတွေ ဆက်သွယ်ကြဖို့ပေါ့။ တချို့လူငယ်တွေက အဖွဲ့တွေ ရှိကြတယ်။ အချင်းချင်း အချိတ်အဆက် မရှိကြဘူးလို့ ပြောကြတယ်။ အဲဒါကို အန်တီက ဒါကတော့ ချက်ချင်းစီစဉ်လို့ရတယ်ဆိုပြီး စီစဉ်လိုက်တာ” ဟု အစည်းအဝေး တက်ရောက်သူ လူငယ်တဦးက မဇ္ဈိမကို ပြောသည်။

ကွန်ယက်မှတဆင့် NLD အပါအဝင် လူငယ်ထုအကြား ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ကိစ္စရပ်များကို ဆွေးနွေးလုပ်ကိုင်ရန်နှင့် NLD က ခေါ်ယူပြုလုပ်မည့် အစည်းအဝေးများ ဖိတ်ခေါ်သည့်အခါ ထိုကွန်ယက်မှပင် ဆက်သွယ်သွားမည်ဟု သူက ဆိုသည်။

လူငယ်များနှင့် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့မနက် ၉ နာရီမှ ညနေ ၃ နာရီအထိ တံခါးပိတ် ဆွေးနွေးခဲ့ကြရာ  လှိုင်သာယာ စက်မှုဇုန် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် စက်ရုံအလုပ်သမ မသီတာက အလုပ်ရှင်၏ ဖိနှိပ်ခေါင်းပုံဖြတ်မှုနှင့် ကျန်းမာရေးဝန်ထမ်း၊ ဥပဒေဝန်ထမ်း လူငယ်များက ၎င်းတို့လုပ်ငန်းခွင်၌ ကြုံတွေ့ရသည့် အာဏာပိုင်များ၏ အကျင့်ပျက်မှု၊ တာဝန်မဲ့မှုများကို တင်ပြဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ဒုတိယ ပင်လုံညီလာခံနှင့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား၊ လူငယ်များ နိုင်ငံရေးနှင့် ပတ်သက်ရာတွင် ကြောက်သည့် စိတ်ကို မည်သို့ကျော်လွှားသင့်ကြောင်းနှင့် နိုင်ငံရေးလှုပ်ရှားသူများအပေါ် စစ်အစိုးရ ဖိနှိပ်မှုများကို မည်ကဲ့သို့ ရင်ဆိုင်တုံ့ပြန်သင့်ကြောင်းအပြင် အကြမ်းဖက် တော်လှန်မှုများအကြောင်းနှင့် ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ၂ဝ၁ဝ ရွေးကောက်ပွဲအပေါ် သဘောထားများကို ဒေါ်အောင်ဆန်းစုကြည်ထံ မေးမြန်းခဲ့သည်။

“လူငယ်တွေရှိမှ အနာဂတ် လုံခြုံမှုရမှာပါ။ လူငယ်တွေက တိုင်းပြည်ရဲ့ နိုင်ငံရေးကိစ္စတွေမှာ ပါဝင်ရမယ်။ တိုင်းပြည်အတွက် တာဝန်ရှိတယ်လို့ သိနေရင် ကျမတို့ စိတ်ချရပြီပဲ။ အဲဒီလိုသာ အခြေအနေ မရှိခဲ့ရင်တော့ မနက်ဖြန် ဒီမိုကရေစီ ရရင်တောင် စိတ်ချရမယ့် အခြေအနေမျိုး ရှိမှာ မဟုတ်ဘူးတဲ့” ဟု ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံပွဲတွင် ပြောဆိုခဲ့ကြောင်း အစည်းအဝေးတက်သည့် လူငယ်တဦးက ပြောသည်။