2011年6月16日木曜日

အရှင် ဉာဏိဿရ ညီညွတ်ရေးတရားဟောမည်

E-mail Print
သဲကုန်း သပိတ်အိုင်၊ သီတဂူ ဆရာတော် ဒေါက်တာ အရှင် ဉာဏိဿရသည် မနက်ဖြန် စတင် ကျင်းပမည့် သီတဂူ နိုင်ငံတကာ ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖွင့်ပွဲတွင် ငြိမ်းချမ်းရေးကိုရှေးရှုသည့် စည်းလုံးညီညွတ်ရေး တရား ဟောကြား မည်ဖြစ်ကြောင်း သိရသည်။

Suu_Kyi__Monk
ယမန်နေ့က ဆရာတော် အရှင် ဉာဏိဿရကို ဒေါ်အောင်ဆန်းစုကြည် ဖူးမြော်ကြည်ညိုစဉ် (ဓာတ်ပုံ - AP)

“ငါတို့ဖြစ်ရ ဤလောက၀ယ် ဘ၀သမိုင်း မရိုင်းစေရန် စိတ်မာန်မချ မာနမပါ တို့စွမ်းရာဖြင့် တို့သာသနာ တို့ပြည်ရွာကို သာယာစေမှု လုံ့လပြုအံ့ ဟူသည့်ဆောင်ပုဒ်အတိုင်း သီတဂူ ဆရာတော်ဘုရားကြီးက ကြိုးစားလုပ်ဆောင်နေခြင်းဖြစ် ကြောင်း သီတဂူ ဆရာတော်၏ ကျောင်းမှ ဘွဲ့အမည် ထုတ်ဖော်ပြောဆိုရန်ခွင့်မပြုသည့် တပည့်ရဟန်းတပါးက ဧရာဝတီ ကို မိန့်ကြားသည်။

“သီတဂူ စတည်ထောင်ကတည်းက ဆောင်ပုဒ်အတိုင်း တိုင်းပြည်မှာ အများအတွက်အကျိုးရှိမယ့်ဟာကို တတ်နိုင်တဲ့ အပိုင်းကနေ ဆရာတော်(သီတဂူဆရာတော်)အနေနဲ့ ကြိုးစားနေတာပါ၊ အဲဒီနေ့ ဆရာတော် ဟောတော့မှ ဆရာတော့် တရားက ပိုပေါ်လွင်မယ်၊ အဲဒီနေ့တရားက ပိုကောင်းမယ်”ဟု အဆိုပါ တပည့်ရဟန်းက ဆက်လက်ရှင်း ပြသည်။

ဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရသည် ဇွန်လ ၁၆၊ ၁၇၊ ၁၈၊ ၁၉၊ ၂၀ ရက်များတွင်ကျင်းပမည့် သီတဂူ ဗုဒ္ဓ တက္ကသိုလ်(ရန်ကုန်)ဖွင့်ပွဲ အခမ်းအနားကို ဦးဆောင်ကျင်းပမည်ဖြစ်ပြီး အဆိုပါ အခမ်းအနားအစီအစဉ်များထဲမှ ဇွန်လ ၁၇ ရက်၊ ၁၈ ရက်နေ့များတွင် လက်ရှိအစိုးရ အကြီးအကဲများနှင့် သံတမန်များကို လည်းကောင်း၊ ဘာသာရေး၊ လူမှုရေး၊ သာသနာရေး နယ်ပယ်များနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များကိုလည်း ဖိတ်ကြားခဲ့ကြောင်း သိရသည်။

နိုင်ငံရေးပါတီကိုယ်စားလှယ်များ ဖိတ်ကြားရာ၌ ပါတီ အမည်တပ်ဖိတ်ကြားမှုကို ဖိအားပေးခံခဲ့ရပုံရပြီး ယခုအခါ ဖိတ် စာ ပြောင်းလဲဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း ဖိတ်ကြားခံခဲ့ရသူတဦးဖြစ်သည့် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေ က ဧရာဝတီကိုပြောသည်။

“အစက ပါတီအနေနဲ့ဖိတ်တယ်။ အခုတော့ ပုဂ္ဂိုလ်အနေနဲ့ ဖိတ်စာလာပြောင်းပေးတယ်။ ဒါပေမယ့် ကျနော့်အပြင် ပါတီ က လိုက်ချင်တဲ့သူလိုက်နိုင်တယ်။ အခုလို အစိုးရဘက်ကလူတွေရော၊ သံဃာတော်တွေရော၊ လူမှုရေးအဖွဲ့တွေ နိုင်ငံ ရေး ပါတီတွေကလူတွေကိုရော ဖိတ်တာကို မေးတော့ ဆရာတော်ရဲ့ ရည်ရွယ်ချက်တခုရှိပါတယ်တဲ့၊ ရောက်တဲ့ နေ့မှာမှ ဆရာတော်က ပြောမယ်လို့ သိရတယ်”ဟု ဦးသုဝေက ပြောသည်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ထိပ်တန်းခေါင်း ဆောင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မီတီဝင်များ၊ အခြားသော ၁၉၉၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများနှင့် ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့ကြသော နိုင်ငံရေးပါတီများအားလုံး၏ ကိုယ်စားလှယ်များကိုလည်း ဖိတ်ကြားထားကြောင်းသိရ သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဒဂုံမြို့သစ် မြောက်ပိုင်းရှိ သီတဂူ ဆရာတော် ၏ ကျောင်း၌ ယမန်နေ့ ညနေ ၃ နာရီ ခန့်က ဆရာတော် အရှင် ဉာဏိဿရ ထံသို့ သွားရောက်ဂါရ၀ပြု ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။

ဖိတ်ကြားထားသည့်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် အခမ်းအနားသို့ တက်ရောက်တော့မည် မဟုတ်ကြောင်း NLD ပါတီမှ ဦးဝင်းထိန်က ရှင်းပြသည်။

“အထွေထွေအတွင်းရေးမှူးက လုံခြုံရေးလူငယ်တချို့နဲ့အတူ ဆရာတော်ကျောင်းကို မနေ့က ရုတ်တရက်ကြီး သွား တယ်။ ဆရာတော်နဲ့ တကယ့် ရင်းရင်းနှီးနှီး ဆွေးနွေးဖြစ်တယ်လို့ သိရတယ်။ ဆရာတော်ဘုရားကြီးရဲ့ ဆုံးမသြ၀ါဒ တွေကိုလည်း အထွေထွေအတွင်းရေးမှူးက တော်တော်ကို နှစ်ခြိုက် ပီတီဖြစ်စွာနာယူပါတယ်။ ဒါဟာ သတင်းကောင်းပါပဲ။ အချိန် ၂ နာရီကျော်လောက် ဆရာတော်နဲ့ အေးအေးဆေးဆေး စကားပြောဖြစ်ခဲ့ကြတယ်”ဟု NLD ပါတီပြောခွင့်ရ ဦးအုန်းကြိုင်ကလည်း ပြောသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေကလည်း“ဆရာတော်ဟောကြားမယ့် အမျိုးသား ညီညွတ်ရေး၊ ရင်ကြားစေ့ရေးအတွက် ပထမခြေလှမ်းလှမ်းပြလိုက်တာပဲ၊ ဆရာတော်ရဲ့ သြ၀ါဒကထာ တခုတည်းနဲ့တော့ နိုင်ငံရေးပေါင်းစည်းညီညွတ်ရေးကြီး ရဖို့လက်တွေ့မှာ မဖြစ်နိုင်ဘူးပေါ့။ ဆရာတော်အရှိန်အ၀ါနဲ့ ဆရာတော့်စကားက အလေးအနက်ထားရမယ့်ကိစ္စပဲ”ဟု ပြောသည်။

ဆရာတော် အရှင် ဉာဏိဿရသည် ၁၉၈၈ ခုနှစ် ၈ လေးလုံး ဒီမိုကရေစီ အရေးအခင်း ကာလအတွင်းကလည်း ရာဇောဝါဒ သုတ္တန်ကို ဟောကြားခဲ့ပြီး တိုင်းပြည်အုပ်ချုပ်နေသည့် အစိုးရမင်းများအနေဖြင့် ဗုဒ္ဓဘုရားရှင်၏ အဆုံးအမ တရား တော်အတိုင်း လိုက်နာကျင့်ကြံကြရန် ဟောပြောဆုံးမခဲ့ဖူးသည်။

၂၀၀၈ ခုနှစ် မေလ ၃ ရက်နေ့က တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒေသများသို့ သွားရောက်၍ ဒုက္ခသည် များကို အားသွန်ခွန်စိုက်ကူညီပေးခဲ့သည်။

၂၀၀၄ ခုနှစ်တွင်လည်း ဆရာတော် အရှင် ဉာဏိဿရ ဦးဆောင်ပြီး ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံကြီးတခုကို ရန်ကုန်မြို့တွင် ကျင်းပနိုင်ခဲ့သည်။ ထို့နောက်၂၀၀၇ ခုနှစ် သံဃာတော်များမေတ္တာပို့ ဆန္ဒထုတ်ဖော်စဉ်ကာလကလည်း အခြား ဆရာတော်များ နည်းတူ ရက်စက်စွာဖြိုခွင်းခံခဲ့ရသော ရဟန်းသံဃာများအပေါ် စိုးရိမ်ပူပန်ခဲ့ပြီး တိုင်းပြည်ငြိမ်းချမ်းရေး ရရန် အတွက် တိုက်တွန်းပြောကြားခဲ့သည်။

၂၀၀၀ ပြည့်နှစ်၌ ကုလသမဂ္ဂက ကြီးမှူးကျင်းပခဲ့သော ဘာသာပေါင်းစုံညီလာခံကို မြန်မာနိုင်ငံကိုယ်စား ဗုဒ္ဓဘာသာ ခေါင်းဆောင်တဦး အနေဖြင့် နယူးယောက်မြို့သို့သွားရောက်ခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကိုဦးတည်သည့် မိန့်ကြား ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သည်။

ထို့အပြင် စစ်ကိုင်းတောင်ရိုး ရေရရှိရေးနှင့်စိမ်းလန်းစိုပြည်ရေး၊ ၁၉၉၆ ခုနှစ်တွင် စစ်ကိုင်းရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် ထူထောင်ခြင်း၊ စစ်ကိုင်းရှိ သီတဂူ ဆေးရုံကြီးတည်ထောင်ပြီး မျက်စိ ဝေဒနာသည်ပေါင်းများစွာကို ကုသပေးနေခြင်း၊ ပြည်တွင်းပြည်ပ နယ်လှည့်၍ တရားဓ္မ ဟောကြားခြင်းများလည်း လုပ်ဆောင်ကြိုးပမ်းခဲ့သည်။

ဆရာတော်သည် ပညာရေး၊ ဘာသာရေး၊ လူမှုရေး အဘက်ဘက်တွင် ကူညီပေးမှုများ အစဉ်တစိုက်လုပ်ဆောင်နေသည်။

0 件のコメント:

コメントを投稿