
လွှတ်တော်အတွင်း ဇန်နဝါရီလ ၃၁ ရက်နေ့က မဲခွဲနေစဉ်။ (ဓာတ်ပုံ - Reuters)
အဆိုပါဝန်ကြီးနေရာ ၃၀ အနက် အရေးပါသည့် ကာကွယ်ရေး ၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများအဖြစ် ဒု ဗိုလ်ချုပ်ကြီး ကိုကို၊ ဒု ဗိုလ်ချုပ်ကြီး လှမင်းနှင့် ဗိုလ်ချုပ် သိန်းဌေးတို့ကို လျာထားကြောင်း သိရသည်။
ထိုဝန်ကြီး ၃ ဦးသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မြန်မာနိုင်ငံ၏ အမြင့်ဆုံးအာဏာရှိ အဖွဲ့အစည်းဖြစ်လာမည့် အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကာင်စီတွင် သမ္မတ၊ ဒုသမ္မတ ၂ ဦး၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒု ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့်အတူ ကောင်စီအဖွဲ့ဝင်များ ဖြစ်လာမည်ဖြစ်သည်။
“အခုချိန်ထိ ဘယ်ဌာနကို ဘယ်သူကိုင်မယ်ဆိုတာ မသိရသေးဘူး။ သမ္မတက အမည်စာရင်း တင်သွင်းသွားတာပဲရှိတယ်။ ဘယ်ဌာနနဲ့ ဘယ်သူဆိုတာကို တွဲပြီး ပြောမသွားဘူး။ ကျနော်တို့ ဘာမှ သေချာမသိရသေးပါဘူး” ဟု ဒီမိုကရက်တစ်ပါတီတခုမှ အမတ်တဦးက ပြောသည်။
ယမန်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ၀န်ကြီးဌာန ၃၄ ခု ထားရှိမည်ဖြစ်ကြောင်း သမ္မတ၏ အဆိုပြုချက်ကို လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ရာ အမျိုးသားဒီမိုကရေစီ အင်အားစုမှ လွှတ်တော်အမတ် ဒေါက်တာ မြတ်ဉာဏစိုးက ၀န်ကြီးဌာန ၂၅ ခုသာ ထားရှိသင့်ကြောင်း အဆိုပြုလွှာ တင်သွင်းခဲ့သည်။
သို့သော် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်းက တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ ၀န်ကြီးဌာနများနှင့် နှိုင်းယှဉ်ပြကာ သမ္မတ၏ အဆိုပြုချက်သည်သာ သင့်မြတ်ပါကြောင်း ထောက်ခံအဆိုပြုခဲ့ပြီးနောက် မဲခွဲဆုံးဖြတ်ရာ ၀န်ကြီးဌာန ၃၄ ခုထားရှိရေးက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။
“၀န်ကြီးဌာန ၃၄ ခုထားမယ်လို့ သမ္မတက အဆိုပြုပေမယ့် ၀န်ကြီးကိုတော့ အယောက် ၃၀ ပဲထားမယ်လို့ သမ္မတက ဆိုတယ်။ တချို့ဝန်ကြီးတွေက ဌာန ၂ ခု တွဲကိုင်ရတာမျိုးရှိလာလိမ့်မယ်” ဟု လွှတ်တ်ာအမတ်တဦးက ပြောသည်။
သမ္မတ ဦးသိန်းစိန် ယနေ့တင်သွင်းခဲ့သော ၀န်ကြီး ၃၀ ၏ အမည်စာရင်းတွင် စစ်ဗိုလ်ချုပ်ဟောင်းများစွာ ပါဝင်နေပြီး ၀န်ကြီးအားလုံးသည် ကြံ့ဖွံ့ပါတီမှ ဖြစ်သည်။
အတည်မပြုနိုင်သေးသည့် တပ်တွင်း သတင်းများအရ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒု ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ် စိုးဝင်းတို့ကို ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က သမ္မတ ရွေးကောက်တင်မြှောက်အပြီးနေ့ကစလို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပုံကို သတင်းစာမှာ တခမ်းတနားဖော်ပြတယ်။ သမ္မတ ဦးသိန်းစိန်ဓါတ်ပုံတောင် မတွေ့ရဘူး။ ဒီကနေ့အထိလည်း ဗိုလ်ချုပ်မှူးကြီးပုံကိုပဲ ဖော်ပြနေတယ်ဆိုတော့ သူသာ နိုင်ငံရဲ့အမြင့်ဆုံးနေရာမှာ ရှိနေဆဲပဲဆိုတာကို အသိပေးတဲ့သဘောပဲ” ဟု သတင်းထောက်တဦးက ပြောသည်။
0 件のコメント:
コメントを投稿