ချင်းမိုင် (မဇ္ဈိမ) ။ ။ ပြည်ထောင်စုလွှတ်တော် အင်္ဂါနေ့အစည်းအဝေး၌ အဖွဲ့ဝင် ၇ ဦးပါ ပြည်ထောင်စု တရားသူကြီးချုပ် အပါအဝင် တရားလွှတ်တော်ချုပ် တရားသူကြီးအဖွဲ့ကို ၇ ဦးဖြင့် ဖွဲ့စည်းရန် သမ္မတက တင်သွင်းခဲ့သည်။
၁ဝ မိနစ်သာ ကျင်းပခဲ့သည့် အစည်းအဝေး၌ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးအဖွဲ့တွင် ပါဝင်ရမည့် အရေအတွက်ကို သမ္မတဖြစ်သူ ဦးသိန်းစိန်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။
“ဒီနေ့က ၁ဝ နာရီ ၂ မိနစ်မှာ စတယ်၊ ၁၂ မိနစ်မှာ

၁၀ မိနစ်သာကြာသော အင်္ဂါနေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး
တနင်္လာနေ့တွင် သမ္မတက တင်သွင်းခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ၈ ဦး အရေအတွက်ကို အမတ်ပေါင်း ၆၅၉ ဦးအနက် အင်္ဂါအစည်းအဝေး တက်သည့် ၆၅၆ ဦးက “ကန့်ကွက်သူမရှိ” အတည်ပြုခဲ့သေးသည်။ အမည်များကိုမူ တင်သွင်းခြင်း မရှိသေးပေ။
“မနေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အပါအဝင် ၇ ယောက်ပေါ့။ အတွင်းရေးမှူးက သီးသန့် တာဝန်ပေးခြင်းပေါ့။ ပေါင်း ၈ ယောက်ပေါ့။ အဲဒီအရေအတွက်ပဲ ကန့်ကွက်သူ မရှိတဲ့အတွက် အတည်ပြုတယ်ပေါ့ဗျာ” ဟု အမတ်က ပြောပြသည်။
၂ဝဝ၈ ခု ဖွဲ့စည်းပုံအရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ အကြီးအမှူးဖြစ်သည့် ပြည်ထောင်စု တရားသူကြီးချုပ် အပါအဝင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများကို အနည်းဆုံး ၇ ဦးမှ အများဆုံး ၁၁ ဦးအထိ ခန့်အပ်နိုင်သည်။
သမ္မတသည် ပြည်ထောင်စု လွှတ်တော်၏ သဘောတူချက်ဖြင့် “ပါတီနိုင်ငံရေး” ကင်းရှင်းပြီး အသက် (၅ဝ-၇ဝ) ရှိသူကို ပြည်ထောင်စု တရားသူကြီးချုပ်အဖြစ် ခန့်ရမည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများကိုမူ သမ္မတက ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ညှိနှိုင်းကာ ပြည်ထောင်စု လွှတ်တော်၏ သဘောတူချက်ဖြင့် ခန့်အပ်ရမည် ဖြစ်သည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် စစ်ဘက်တရားရုံးများနှင့် ဖွဲ့စည်းပုံဥပဒေဆိုင်ရာ ခုံရုံး၏ စီရင်ပိုင်ခွင့် အာဏာများကို မထိခိုက်စေဘဲ နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံးဖြစ်သည်။
၂ဝ၁၁ ဇန်နဝါရီလ ၃၁ ရက်နေ့မှစပြီး ပြည်ထောင်စု လွှတ်တော်အစည်းအဝေးများကို ကျင်းပနေပြီး သမ္မတနှင့် ဒုသမ္မတများ၊ ဝန်ကြီးဌာနနှင့် ဝန်ကြီးအမည်များ၊ ဖွဲ့စည်းပုံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်ဦးရေများ၊ ပြည်နယ်နှင့် တိုင်း ဝန်ကြီးဌာနများ၊ ဝန်ကြီးအမည်များ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့တို့ကို အတည်ပြုခဲ့ပြီး ဖြစ်သည်။
ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ၌ “သမ္မတသည် ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးသည့် အခါတိုင်း ယင်းတို့အား တာဝန်ပေးအပ်သည့် ဝန်ကြီးဌာနများကို ဖော်ပြ၍ ပြည်ထောင်စုလွှတ်တော်သို့ အကြောင်းကြားရမည်” ဟု ပါရှိသော်လည်း ဝန်ကြီးအမည်နှင့် ဝန်ကြီးဌာနကိုတွဲလျက် မကြေညာသေးသဖြင့် အမတ်များအကြား ဝေဖန်မှုများ ထွက်ပေါ်နေသည်။ ထို့ပြင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ကိုလည်း နေရာသာ အတည်ပြုထားနိုင်ပြီး အမည်များ မထွက်သေးသည့်အပေါ် အမတ်များအကြား ဝေဖန်သံများ ထွက်နေသည်။
အမတ်တဦးက “နာမည်ကို ကြေညာလိုက်ရင် တရက်ထဲနဲ့ ပြီးနိုင်တဲ့ကိစ္စကို တခြားနေရာတွေ ကျန်သေးတော့ သူတို့ ဟိုလှည့်ဒီလှည့် ကစားလို့ကို မပြီးနိုင်တာလည်း ဖြစ်နိုင်တယ်။ နောက်ကွယ်မှာ မပြေလည်မှုတွေ ရှိနိုင်ပြီး ခဏဆိုင်းထားတဲ့ ပုံစံနဲ့ လွယ်တဲ့ဟာတွေ လျှောက်လုပ်နေတဲ့ ပုံစံဖြစ်နေတယ်” ဟု သုံးသပ်သည်။
“နောက်ပြီးတော့ လွှတ်တော်တခုကို ကျင်းပတာ ၁ဝ မိနစ်နဲ့ ပြီးနေတော့ တွက်ကြည့်ပေါ့။ အဲဒါက ကလေးကစားသလို ဖြစ်နေတယ်” ဟု သူက ဆက်ပြောသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေအရ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌတို့သည် “ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်” ၁၃ ဦး၌ ပါဝင်ကြသည်။
အင်္ဂါနေ့လွှတ်တော်သို့ တက်ရောက်ရန် ပျက်ကွက်သူ ၃ ဦးသည် တနင်္လာနေ့တွင် ပျက်ကွက်သူများပင်ဖြစ်ပြီး ခွင့်တိုင်ထားကြောင်း သိရသည်။
0 件のコメント:
コメントを投稿