2011年2月1日火曜日

ရန်ကုန်လွှတ်တော် ဥက္ကဋ္ဌနှင့် သဘာပတိ ရွေးချယ်

နယူးဒေလီ (မဇ္ဈိမ) ။       ။ ရန်ကုန်တိုင်း တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် သဘာပတိ ရာထူးအတွက် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ်များကို ရွေးချယ်လိုက်ပြီဟု ယင်းလွှတ်တော်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

တိုင်းလွှတ်တော် ဥက္ကဋ္ဌအဖြစ် ကွမ်းခြံကုန်းမြို့နယ်မှ ဦးစိန်တင်ဝင်းနှင့် သဘာပတိအဖြစ် ရွှေပြည်နယ်သာမြို့နယ်မှ ဦးမောင်မောင်ဝင်းကို ယနေ့ စတင်လိုက်သည့် လွှတ်တော် အစည်းအဝေးမှ ရွေးချယ်တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။

“ လောလောဆယ် ရန်ကုန်တိုင်းလွှတ်တော်ပဲ သိရသေးတယ်။ ဥက္ကဋ္ဌက ဦးစိန်တင်ဝင်း ကွမ်းခြံကုန်းက။ သဘာပတိက ဦးမောင်မောင်ဝင်း ရွှေပြည်သာက။ သူတို့က ကြံ့ဖွံ့ကချည်းပဲ’’ ဟု သတင်းရပ်ကွက်တခုက မဇ္ဈိမကို ပြောဆိုသည်။

လွှတ်တော်ကို ရန်ကုန်မြို့ ပြည်လမ်းရှိ ယခင် မဆလလက်ထက် လွှတ်တော်အဆောက်အအုံ၌ ကျင်းပပြီး လုံခြုံရေး တင်းကျပ်ထားကြောင်း မြို့ခံများက ပြောသည်။

“ပြည်လမ်းမှာ တော်တော်ရှုပ်တယ်။ ရဲကားအများကြီးပဲ လက်နက်အပြည့်နဲ့ လွှတ်တော်ရှေ့မှာ။ အစီးရေက ၂ဝ ကျော်လောက် ရှိတယ်” ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သူတဦးက မဇ္ဈိမကို ပြောသည်။ ထို့ပြင် လူစည်ကားရာ လမ်းဆုံလမ်းခွများတွင်ပါ လုံခြုံရေးချထားပြီး၊ တဖွဲ့လျှင် ၄-၅ ဦးအထိ ပါဝင်သည်ဟု ဆိုသည်။

“လုံခြုံရေး နည်းနည်းများတယ်။ လမ်းထောင့်တွေ၊ လူစည်ကားတဲ့ နေရာတွေမှာ ရဲစခန်းက ကားတွေ ရပ်ထားတယ်။ လုံထိန်း မဟုတ်ဘူးနော်။ ကားတစီး ၄-၅ ယောက်လောက်ပေါ့။ နောက်ပြီး ညဘက် ကားတွေကို ထုံးစံအတိုင်း စစ်တယ်။ ကားမောင်းလာရင် ယာဉ်မောင်းအမည် ပြောပေါ့ဗျာ၊ ခရီးသည်တွေကို လိုက်စစ်ပေါ့” ဟု သူက ပြောသည်။

လွှတ်တော် အဆောက်အအုံ တဖက်တချက်ရှိ မြေနီကုန်းမီးပွိုင့်နှင့် Yangon International Hotel မီးပွိုင့်အကြား လမ်းတဖက်စီ၌ ၁၅ ပေခန့်အကွာတွင် ရဲ ၂ ဦးစီ စောင့်ကြပ်နေပြီး လွှတ်တော်အဝင်ဝတွင် ရဲ ၄ ဦး ထားရှိကြောင်း ယနေ့မနက် ၈ နာရီ ၄၅ မိနစ်က လွှတ်တော်ရှေ့ သွားရောက်ခဲ့သူ တဦးကလည်း ပြောဆိုသည်။

ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်တွင် ဖွဲ့စည်းပုံအရ လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၁၂၃ ဦး ရှိပြီး၊ ထိုအထဲတွင် တပ်မတော်သား ကိုယ်စားလှယ် ၃၁ ဦး ရှိသည်။ အရပ်သား ၉ဝ ထဲတွင် ကြံ့ဖွံ့ပါတီမှလွဲလျှင် ကျန် ၁၇ ဦးမှာ အခြားပါတီများမှ ဖြစ်သည်။

0 件のコメント:

コメントを投稿