2011年1月31日月曜日

ရန်ကုန်ပြန်တုန်း ရန်ကုန်ကပြောပြလို့ ကျနော်သိခဲ့ရတဲ့ ရန်ကုန်အကြောင်း

by Ye Thurein Min on Thursday, January 27, 2011 at 8:03am( ၁ )
“ ရန်ကုန် ”
“ မဟာရန်ကုန် ” တဲ့လေ ...
ရန်အပေါင်းကုန်စင်တဲ့ အထိမ်းအမှတ်
အလောင်းဘုရား ကင်ပွန်းတပ်ခဲ့တဲ့မြို့။

( ၂ )
အဲ့ဒီမြို့ကြီးပေါ့ ... “မီဂါစီးတီး” တဲ့
ရွံစရာအနာကြီးနဲ့ ကိုယ့်အမြီးကိုယ်ပြန်မြို
ကိုယ့်အနာဖေး ကိုယ်ပြန်ခွာ
တစ်စက်လေးမှ မသာယာနိုင်တဲ့မြို့။

ယင်တလောင်းလောင်း ၊ ပြည်တစိုစို
ညနေညိုချိန် “အေ့”ခနဲ ယင်းထ
လှောင်ချိုင့်ထဲက ရုန်းမပြနိုင်သေးတဲ့မြို့။

အနာဂတ်နိုင်ငံတော်ကိုရည်စူး
ပင်လုံရေသောက်မြစ်အတွက်
သွေးမြေကျ အာဇာနည်တွေ
ခေါင်းမော့ရင်ကော့ လက်ပမ်းခတ်ခဲ့ဖူးတဲ့မြို့။

အောင်ကျော် ၊ ဖုန်းမော် ၊
ဝင်းမော်ဦး ... ၊  ..... ၊ ....
အာဏာရှင်စနစ်အောက်မှာ
ပလိုင်းပေါက်နဲ့ အိပ်မက်ကောက်ယင်း
“ မိုးပေါ်ထောင်မဖောက်ဘူး ” လို့ အပြောခံလိုက်ရတဲ့မြို့။

၆၂ - ၇၄ - ၇၆ - ၈၈ - ၉၆ - ၂၀၀၇
လောကဓံထွန်သွားရဲ့ ရိုက်ပုတ်မောင်းမဲမှုတွေကြား
နေသားတကျစီးမြော
သွေးကြွေးအထပ်ထပ် ၊ သမိုင်းအဆက်ဆက်
ဖွတ်သထက် ညစ်ပတ်လာတဲ့မြို့။

လူတစ်စုက သုဘရာဇာလုပ်
လူတစ်စုက ဂုပ်သွေးစုပ်ယင်း
ကျန်တဲ့ သတ္တဝါ ၆ သန်းကျော်က
ကိုယ့်အထုပ် ကိုယ်ပြန်ဖြည်ပြနေတဲ့မြို့။

သေနတ်ဖောက်သံကို ပန်းနဲ့ပေါက်သလောက်သဘောထား
ဆူးအထပ်ထပ်ကြားမှာ သွေးရည်လိမ်းကျံနေပေမယ့်
“ဟန် .. ကိုယ့်ဖို့ပါကွာ .. ” တဲ့
ရင်ဘတ်ပိန်ပိန်လေး ကော့ကော့ပြတတ်သေးတဲ့မြို့။

ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် လို့ ဆိုရမလား
တချို့က မင်္ဂလာ ၆ ကြိမ်ဆောင်နေချိန်
တချို့က နို့ညှာကလေးသေလို့တောင်မှ
မသင်္ဂြိုလ်နိုင်တဲ့မြို့။

ဒေါင်းယောင်ဆောင်သောကျီး
ခြင်္သေ့ယောင်ဆောင်ထားတဲ့ ဖွတ်
အဖြူအစိမ်းဝတ်လို့ လမ်းသလားပြ
ရေပေါ်ဆီလက်တစ်ဆုပ်စာက
ထူးခတ်တာခံလိုက်ရတဲ့မြို့။

ဘီယာဆိုင် ၊ မာဆက်
ညကလပ် နဲ့ ကေတီဗွီ
မာကျူရီမီးသီးတွေကြား
ပျော်တော်ဆက်တဲ့ညီမလေးတွေ
ဈေးကောင်းမရနိုင်သေးတဲ့မြို့။

တစ်ချိန်တုန်းကတော့
စင်္ကာပူနဲ့ အမွှာညီအမတဲ့
ခုကျတော့ ....
ဂိုချောက်တောင် ၊ ဟူဂျင်တောင်းတို့က
နှပ်ပစ် ၊ သလိပ်ဟပ်သမျှ ခံနေရတဲ့
အရပ်ပျက်မ သာသာ တတိယကမ္ဘာကမြို့။

နွေရာသီဈေးကွက် ၊ မြက်တုခင်းလေ့ကျင့်ရေးကွင်း
အသင်းပြောင်းရွှေ့ခ ၊ နိုင်ငံခြားသားနည်းပြ
ဂျိုလေးတသသ
ခွာလေး တကြွကြွလုပ်
ဆန်မရှိ သောက်စားကြီး
သုဝဏ္ဏကွင်းထဲ  လီး ၊ လချီး အတိုင်းခံရတဲ့မြို့

ငွေစကား ၊ ကြေးစကားပြောယင်း
“အနုပညာသမားပါ ...”လို့  ကိုယ့်ကိုကိုယ် တံဆိပ်ကပ်ဂုဏ်ဖော်
ဆိုက္ကားသမား နဲ့ အဆိုတော်
ထပ်တူညီအချိုးကျတဲ့မြို့။

“ဒုတိယတန်းတစ်နေရာ” မှာ
“ငါးကျပ်တန်တစ်ရွက် ” ကျပျောက်တုန်း
“မိုးလိုက်လို့ရွာ” ခံရ
ပိုးထိုးလောက်ကိုက် ၊ အခွံချည်းကျန်ခဲ့တဲ့မြို့။

မီးပျက် ၊ ဖုန်ထူ ၊ ရေမရှိ
“ရေမီးရှား” လို့အခေါ်ခံရတော့
ဆတ်ဆတ်ခါ နာလိုက်သေးရဲ့
အသည်းကြားက မဲတစ်ပြားအတွက်
လမ်းတစ်ခြမ်း ခင်း ခင်းပြတတ်
ကိုရီးယားဘာသာစာတန်းထိုး အိပ်မက်အသိုးတွေနဲ့မြို့။

ရာစုနှစ်ဝက်နီးပါးခြေတော်အတင်ခံ
နု တလှည့် ၊ ကြမ်းတဖုံ
လက်သရမ်းခံခဲ့ရပုံများ
ရင်ဘတ်စည်တီး ခါးစီးခံယင်း
လင်ကောင်ဖော်ရခက်နေတဲ့မြို့။

ဘူတာရုံမှာ သင်္ဘောကြီးတွေကပ်တယ်
လေယာဉ်ပျံကို ခဲနဲ့ပေါက်ယင် ထိမယ်
တစ်လုံး ၊ နှစ်လုံး ၊ သုံးလုံး ....
မနက်တစ်နပ် ညတစ်နပ်
လက်ဖက်ရည်ဆိုင်မှာ အိပ်မက် မက်တတ်တဲ့မြို့။

ရှမ်းခေါက်ဆွဲ ၊ မာလာဟင်း
သမီးရည်းစား အတွဲများစွာ
တစ်ခါသုံးဆပ်ပြာနဲ့ တစ်ဆက်ရှင်စာဟိုတယ်ခန်းမှာ
စာရိတ္ထတွေ ကျ ကျပျောက်နေကြတဲ့မြို့။

လှည်းတန်းမီးပွိုင့်အရမ်းကြပ်သတဲ့
ဆင်ခြေဖုံးမို့ မီးဖြတ်သတဲ့
“စကော့ဈေး ၊ လေဟာပြင် ၊ သိမ်ကြီးဈေး ၊ တရုပ်တန်း”
ခုချိန်ထိ အကြွေ ၁၀၀ ပြန်မအမ်းနိုင်သေးတဲ့မြို့။

တတိယနိုင်ငံတွေဆီကလွင့်ဖိတ်လာတဲ့
ဆီဦးထောပတ်နံ့တွေရှုယင်း
ရေဒီယိုအစုတ်ကလေး ရင်မှာပိုက်
ဗိုက်ဟောင်းလောင်းနဲ့  ငိုက် တတ်သေးတဲ့မြို့။

“ကိုယ့်ဝမ်းနာ ကိုယ်သာသိပါ အမေရယ် ” တဲ့
ခဲတံကို တံတွေးဆွတ်ယင်းပြော
တောကအမေတွေဆီ စာလှမ်းလှမ်းရေးတတ်တဲ့
စားပွဲထိုး ၊ အိမ်ဖော်
လက်ပွေ့သည်လေးများ ပျော်စံရာမြို့။

“ မီဂါစီးတီး ” ဆိုတာ အဲ့ဒီမြို့ကြီးပါဘဲ။

( ၃ )
အဲ့ဒီမီဂါစီးတီးကြီးမှာဘဲ
တိုက်ပျော်၊ သေပျော်
ကျနော်အထင်ကြီးတဲ့ သူရဲကောင်းတွေရှိတယ်။

အဲ့ဒီမီဂါစီးတီးကြီးမှာဘဲ
ဟိန်းသံဟောက်သံမကြောက်တတ်တဲ့
ရဲရဲတောက်လူငယ်တွေရှိတယ်။

အဲ့ဒီ မီဂါစီးတီးကြီးမှာဘဲ
စည်းအထပ်ထပ် ၊ ရိုးအကာကာ
ပါဝါ ၅၄ လည်းရှိတယ်။

အဲ့ဒီ မီဂါစီးတီးကြီးမှာဘဲ
အပြန်နောက်ကျတဲ့သားကို
တံခါးဝခါးထောက်
မျက်နှာမာမာနဲ့ ငေါက်တတ်တဲ့
ကျနော့် မွေးမေမေ ရှိတယ်။

အဲ့ဒီ မီဂါစီးတီးကြီးမှာဘဲ
မှီခိုသူ ....
အမေ တစ် ၊ ညီ တစ် ၊ ညီမလေး တစ်
ကျနော်ချစ်ရတဲ့ အိမ်ကလေးရှိတယ်။

ဘာဘဲဖြစ်ဖြစ်
“ ရန်ကုန် ” ကိုတော့ စစ်မရှုံးစေချင်ဘူး
အဲ့ဒီ မီဂါစီးတီး မဟာရန်ကုန် ဆိုတာကြီးကို
ကျနော် ချစ်တယ် ။


မားဆိုး ( ၂၅၊ ၀၁၊ ၂၀၁၁ )

မဖိတ်သော်လည်း သတင်းထောက်တချို့ နေပြည်တော်သွားမည်

ထပ်ဆင့် ဖြန့်ဝေရန်

ဇန်န၀ါရီ (၃၁) ရက် တနင်္လာနေ့ကျရင် ကျင်းပမယ့် လွှတ်တော်ဖွင့်ပွဲကို သတင်းယူဖို့အတွက် နေပြည်တော်ကို သွားဖို့ သတင်းသမားတွေ စီစဉ်နေကြပါတယ်။ လွှတ်တော်ဖွင့်ပွဲသတင်းကို ရယူနိုင်ဖို့အတွက် ပြန်ကြားရေး ၀န်ကြီးဌာနကို ဆက်သွယ်မေးမြန်းပေမဲ့လည်း ဘာမှအကြောင်းပြန်ကြားခြင်း မရှိတာကြောင့် ကိုယ့်အစီအစဉ်နဲ့ကိုယ် သတင်းယူကြဖို့ စီစဉ်နေတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။
နှစ်ပေါင်း ၂၀ ကျော်တွင်း ပထမဆုံးအကြိမ်ကျင်းပမယ့် လွှတ်တော်ဖွင့်ပွဲကို အစိုးရက သတင်းသမားတွေကို မဖိတ်ပေမဲ့ သတင်းရယူနိုင်ဖို့အတွက် ၃၁ ရက်နေ့မတိုင်ခင် နေပြည်တော်သွားဖို့ သတင်းထောက်တွေ စီစဉ်နေကြပါတယ်။ အထူးသဖြင့် နိုင်ငံခြားသတင်းဌာနတွေ အတွက် အခြေစိုက်လုပ်ကိုင်ပေးနေတဲ့ ပြည်တွင်းက သတင်းထောက်တွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် နေပြည်တော်မှာ သတင်းသွားယူဖို့ ဒီကနေ့ နိုင်ငံခြား သတင်းထောက်များအသင်းမှာ အထူးအစည်းဝေးတခု လုပ်ပြီး ဆုံးဖြတ်ခဲ့ကြတယ်လို့ နိုင်ငံခြား သတင်းဌာနတခုရဲ့ သတင်းထောက်တဦးလည်း ဖြစ် စာပေစာနယ်ဇင်း အဖွဲ့ရဲ့ အတွင်းရေးမှူးလည်းဖြစ်တဲ့ ကိုကို (စက်မှု) ကပြောပါတယ်။
“နိုင်ငံခြားသတင်းထောက်အသင်းကလည်း ဖွင့်ပွဲကို တရားဝင် ဖိတ်ကြားထားခြင်း မခံရသေးပါဘူး။ သို့သော် နိုင်ငံခြားသတင်းထောက် ၁၈ ဦးက မိမိတို့အစီအစဉ်နဲ့ပဲ မိမိတို့ နေပြည်တော်သွားပြီးတော့ သတင်းတွေ ရယူဖို့ရှိပါတယ်။ အဲဒီတော့ သွားယူမယ်ဆိုတာက လုံခြုံရေး စည်းခြားထားတဲ့နေရာတွေ၊ ပေးယူခွင့်မရတဲ့ နေရာတွေမှာ ယူခွင့်မရသော်ငြားလည်း လုံခြုံရေးစည်း အပြင်ဘက်ပေါ့လေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ တည်းခိုတဲ့နေရာတွေမှာ သူတို့ဝင်ခါနီး၊ ဒါမှမဟုတ်ရင်လည်း သူတို့ ပြန်ထွက်လာတဲ့အချိန်မှာ သူတို့နဲ့ မေးမြန်းတာတွေ၊ သူတို့ရဲ့ comment တွေ၊ နောက်တခါ လွှတ်တော်ကျင်းပတော့မယ့် အခြေအနေမှာရှိတဲ့ အထွေထွေပေါ့လေ။ general မြင်ကွင်းတွေပေါ့လေ။ ဒါတွေကို ကျနော်တို့က witness အနေနဲ့မြင်အောင် နေပြီးတော့ သတင်းရေးသွားဖို့ အတွက်ကတော့ သီးခြားအစီအစဉ်တွေနဲ့သွားဖို့ ကျနော်တို့ ဆုံးဖြတ်ထားတာ ရှိပါတယ်။”
အလားတူ ပြည်တွင်းအခြေစိုက် သတင်းဂျာနယ်တွေအတွက်လည်း မကြာသေးခင်ကမှ ဖွဲ့စည်းလိုက်တဲ့ သတင်းသမားတွေအကျိုးဆောင်ရွက်မယ့် CPC အဖွဲ့က ပြန်ကြားရေးဌာနကို မေးမြန်းပေမဲ့ ဒီနေ့ထိ ဘာမှအကြောင်းမပြန်ဘူးလို့ ပြောပါတယ်။
“ပြည်တွင်းသတင်းထောက်တွေ သတင်းယူဖို့တော့ ကျနော်တို့ CPC အနေနဲ့တော့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းတုန်းပဲ ရှိပါသေးတယ်။ ခုထက်ထိ မေးတုန်းပဲရှိပါတယ်။ အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။ အဲဒီတော့ ကျနော် ထင်တာကတော့ မနက်ဖြန် မနက်ပိုင်းလောက်ဆိုရင်တော့ ကျနော်တို့ တကယ်ကို yes-no သိရပါလိမ့်မယ်။ လောလောဆယ် အနေအထားအရပြောရင်တော့ ခုထိ အကြောင်းပြန်ကြားခြင်း မရှိသေးတဲ့ အတွက်ကြောင့် ကျနော်တို့ စိတ်ထဲမှာထင်တာကတော့ သတင်းဖွင့်ပွဲအတွက်ပေါ့နော်၊ အဓိကဖွင့်ပွဲအတွက် သတင်းရယူခွင့်ကတော့ ကျနော်တို့ အင်မတန်မှ နည်းသွားပြီလို့ တွက်ဆလို့ရပါတယ် ခင်ဗျ။”
တကယ်တော့ မြန်မာစစ်အစိုးရအနေနဲ့ အရပ်သားအစိုးတရပ်အဖြစ် ပြောင်းလဲဖို့ ကြိုးစားခဲ့ရာမှာ ရွေးကောက်ပွဲအပြီး အခုပေါ်ပေါက်လာတဲ့ လွှတ်တော်ရဲ့ ဖွင့်ပွဲသတင်းတွေကို ဘာကြောင့် သတင်းယူခွင့် မပေးတာပါလဲ ဆိုတဲ့မေးခွန်းကိုတော့ -
“တခုခုရဲ့ အကြောင်းရင်းမှာ ကျနော်တို့ သူရဲ့ reason တခုတော့ နောက်ကွယ်မှာ ရှိလိမ့်မယ်လို့ ထင်တယ်။ အဲဒီ reason ကိုတော့ ကျနော်တို့က ခန့်မှန်းဖို့ခက်တယ်။ အဲဒီတော့ ကျနော်ကတော့ လုံခြုံရေးကြောင်းလား၊ တခြား အကြောင်းပြချက်တွေပဲ ရှိလားတော့ မသိဘူး။ သို့သော် ဖိတ်ဖို့ကောင်းတဲ့ဟာတခုကို မဖိတ်ဘဲထားခြင်းကတော့ အကြောင်းပြချက်ကတော့ ခိုင်လုံသော အကြောင်းပြချက်တခု ရှိလိမ့်မယ်လို့တော့ ကျနော် ထင်ပါတယ်။ ကျနော်တို့ သတင်းသမားကတော့ ရတဲ့အခွင့်အရေးတခုမှာတော့ ရတဲ့ဘောင်ထဲကနေ လုပ်ကြမှာပဲခင်ဗျ။ ဥပမာ - ဗီယက်နန် ကွန်မြူနစ်ညီလာခံ၊ တရုတ် ကွန်မြူနစ် ညီလာခံတွေမှာ သတင်းယူနေကြတာတွေတောင် ကျနော်တို့ မြင်တယ်။ သို့သော် ဒီမှာ ပေးမယူဘူး။ ဒါ ပထမဆုံး အတွေ့အကြုံအရလည်း ဖြစ်နိုင်တယ်။ နောက်တခုက ကျနော်တို့က ဒီမိုကရေစီ အရပ်သားအစိုးရ တရပ်ကတော့ မပေါ်ထွန်းသေးဘူးဗျ။ အခု ကျနော်တို့ ပထမနေ့မှာ။ ဒုတိယနေ့ကတော့ တပ်မတော် အစိုးရရဲ့ စီမံခန့်ခွဲမှုအောက်မှာပဲ ဆက်လက်ရှိနေတယ်လို့ ကျနော်တို့ ယူဆတယ်။ အဲဒီအတွက်ကြောင့်လဲ တပ်မတော်အစိုးရဆိုတော့ ကျနော်တို့ ခုနကပြောသလို ဒီမိုကရေစီရဲ့ စံနှုန်းစံထားတွေအတိုင်း အပြည့်အ၀ နှိုင်းယှဉ်ချိန်ထိုးပြီးတော့တော့ ကျနော်တို့ စဉ်းစားလို့ရဦးမယ်လို့ မထင်ဘူးခင်ဗျ။”
စာပေစာနယ်ဇင်း အတွင်းရေးမှူး ကိုကို (စက်မှု) ပြောပြခဲ့တာပါ။ မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း သတင်းမီဒီယာတွေကို သတင်းယူရန်ဖို့ လွယ်ကူပေမဲ့ သူတို့ကိုထိန်းချုပ်ဖို့ ခက်ခဲတယ်လို့  ပြောတဲ့အကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးက ပြန်ပြောထားတာကို ပြည်ပအခြေစိုက် ဧရာဝတီသတင်းဌာနရဲ့ အင်တာနက်စာမျက်နှာမှာလည်း ဖော်ပြထားပါတယ်။

ရင်းနှီးမြှုပ်နှံမှုတွေ နိုင်ငံတကာကျင့်ဝတ်နဲ့ညီရေး ဒေါ်စုတိုက်တွန်း

ထပ်ဆင့် ဖြန့်ဝေရန်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ခေတ်မီနည်းပညာရပ်တွေနဲ့ အခြေခံ အဆောက်အဦးတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေပါတယ်လို့ ကမ္ဘာ့ဦးဆောင် စီးပွားရေး လုပ်ငန်းရှင် တွေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို မေတ္တာရပ်ခံလိုက်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားကြသူတွေ အနေနဲ့ရော၊ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်တစား စဉ်းစားနေကြသူတွေအနေနဲ့ပါ တရားဥပဒေကို လေးစား လိုက်နာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူမှုရေးမှာ ကူညီရေး၊ အလုပ်သမား အခွင့်အရေး အပြည့်အ၀ ပေးရေးနဲ့ အလုပ်အကိုင်ဖန်တီးရေး စတာတွေကို အာမခံချက် ပေးရပါလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
သဘာဝသယံဇာတတွေ အလျှံပယ်အောင် ပေါကြွယ်ဝပေမဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့စာရင် အများကြီး ခေတ် နောက်ကျ ကျန်နေတဲ့ မြန်မာပြည်သူပြည်သား ၅၅ သန်းရဲ့ကိုယ်စား မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တာပါ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံကြပါရန် ဆွစ်ဇာလန်နိုင်ငံ Davos မြို့မှာ ပြုလုပ်နေတဲ့ ကမ္ဘာ့စီးပွားရေးရာ နှစ်ပတ်လည်ညီလာခံ (World Economic Fourm) ကို ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံလိုက်တာပါ။ ဒါပေမဲ့ ဖွံ့ဖြိုးမှုအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူမှုရေးမှာ ပေးဆပ်ရမယ့် ပျက်စီးဆုံးရှုံး နစ်နာမှုတွေ မဖြစ်ရအောင် ကြိုတင် အစီအစဉ် ချဖို့လိုတယ်လို့ အခုလိုပြောပါတယ်။
“မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံနေကြသူတွေ အနေနဲ့ရော၊ ရင်းနှီးမြှုပ်နှံဖို့စိတ်ဝင်စားပြီး စဉ်းစားနေကြသူတွေ အနေနဲ့ပါ တရားဥပဒေကို လေးစားလိုက်နာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူမှုရေးမှာ ကူညီရေး၊ အလုပ်သမား အခွင့်အရေး လေးစားရေး၊ အလုပ်အကိုင်ဖန်တီးရေးနဲ့ နည်းပညာပိုင်းမှာ ကျွမ်းကျင်လိမ္မာရေး စတာတွေအတွက် အရင် အာမခံချက် ပေးကြပါလို့ မေတ္တာရပ်ခံပါရစေ။”
ရင်းနှီးမြှုပ်နှံရေးမှာ ဒီလိုချဉ်းကပ်တာမျိုးဟာ သက်ဆိုင်သူတွေ အားလုံးအတွက် ကျယ်ကျယ်ပြန့်ပြန့် အကျိုး ခံစားမှုတွေကို ရေရှည်ဖြည့်ဆည်းပေးနိုင်ပြီး ဒါဟာ ကမ္ဘာတ၀ှမ်းလုံးက နားလည်ခံယူထားတဲ့ တာဝန်သိမှုနဲ့ အညီ ဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်အောင် အားသာစေမယ့် အခွင့်ကောင်းတွေ ပေါ်လာနိုင်တဲ့ နိုင်ငံရေးနဲ့လူမှုရေး ပတ်ဝန်းကျင်တရပ် ပေါ်ထွန်းလာမယ့်နေ့တနေ့ကို ကျမ ရှေ့ရှုနေပါတယ်။ ကျမတို့နဲ့ပြည်သူတွေ ဒီနေ့ခေတ်ကမ္ဘာကြီးကို အမှီလိုက်နိုင်ဖို့ဆိုရင် ပြည်သူတွေ အားကျအတုယူနေရတဲ့ ဆန္ဒတွေ ဖြည့်ဆည်းပေးရေးအတွက် နည်းပညာရပ်တွေ၊ နည်းအမျိုးမျိုးနဲ့ တီထွင်ဖန်တီးမှုနည်းပညာတွေ လိုအပ်နေတာကတော့ သေချာပါတယ်။”
မြန်မာနိုင်ငံမှာ နှစ်စဉ် GDP ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဘိုးရဲ့ ၄၀ ရာခိုင်နှုန်းကို စစ်အသုံး စရိတ် အဖြစ် သုံးစွဲနေပြီး ကျန်းမာရေးနဲ့ပညာရေးကဏ္ဍ နှစ်ခုပေါင်းအတွက် ၂ ရာခိုင်နှုန်းသာ သုံးစွဲနေတာ ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါ့ကြောင့် ကျန်းမာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူမှုရေး နယ်ပယ်ရဲ့ လိုအပ်ချက်တွေကို ဦးစားပေးကိုင်တွယ်ဖို့ လိုနေတယ်လို့လည်း ပြောပါတယ်။ အထူးသဖြင့် ကျေးလက်ဒေသနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ နယ်မြေတွေမှာ ကာကွယ်လို့ရနိုင်တဲ့ ရောဂါတွေကြောင့် ယူကျုံးမရ ဖြစ်ရတဲ့ အကျိုးဆက်တွေ မဖြစ်ရအောင် ကြိုတင်ကာကွယ်ကြဖို့ လိုတယ်လို့လည်း ပြောပါတယ်။ တိုက်ရိုက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ဖို့အတွက်ဆိုရင် ဥပဒေစိုးမိုးမှု အာမခံချက်ပေးဖို့အတွက် မြန်မာနိုင်ငံရဲ့ တရားဥပဒေစနစ်ကိုလည်း ပြုပြင်ပြောင်းလဲပစ်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်း နိုင်ငံရေးပဋိပက္ခတွေကြောင့် ဖွံ့ဖြိုးမှုအတွက် အခွင့်အလမ်းတွေ အများကြီး လက်လွတ်ဆုံးရှုံးခဲ့ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုအတွက် ကမ္ဘာ့စီးပွားရေးရာ နှစ်ပတ်လည် ညီလာခံကြီးကို တက်ရောက်လာကြသူတွေ အနေနဲ့ ကျွမ်းကျင်မှု အကူအညီတွေနဲ့ အားပေးကြပါလို့လည်း ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံလိုက်ပါတယ်။
“မြန်မာပြည်သူလူထုကိုယ်တိုင် ပါဝင်ဖြည့်ဆည်းနိုင်တဲ့ ပိုပြီးလုံခြုံ၊ ပျော်စရာကောင်းတဲ့ကမ္ဘာကြီးကို ရှေ့ရှုနိုင်ဖို့ အတွက် ဒီကမ္ဘာ့စီးပွားရေးရာ နှစ်ပတ်လည်ညီလာခံကြီးကို တက်ရောက်လာကြသူတွေ အားလုံးအနေနဲ့ အထူး ကျွမ်းကျင်မှုတွေနဲ့အတူ ဒီအချိန်အခါကို အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည် သင့်မြတ်ရေး အနှစ်သာရပြည့်ဝတဲ့ ဒီမိုကရေစီ ဆောင်ကြဉ်းရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးနဲ့ စီးပွားရေးဖွံ့ဖြိုးဖို့အတွက် အတတ်နိုင်ဆုံး ၀ိုင်းဝန်းအားပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။”
ဇန်န၀ါရီလ ၂၆ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ကျင်းပနေတဲ့ ၂၀၁၁ ခုနှစ် ကမ္ဘာ့စီးပွားရေးရာ နှစ်ပတ်လည် ညီလာခံကြီးကို ကုသလမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဦးဆောင်တဲ့ နိုင်ငံ့ခေါင်းဆောင် ၃၀ ကျော်၊ ကမ္ဘာ့ စီးပွားရေးလုပ်ငန်းရှင်ပေါင်း ၁,၀၀၀ ကျော်၊ နည်းပညာကျွမ်းကျင်သူပေါင်း ၁,၂၀၀ ကျော်နဲ့အတူ စက်မှု ထွန်းကားတဲ့ နိုင်ငံ ၂၀ ကျော်က တာဝန်ရှိပုဂ္ဂိုလ်တွေ တက်ရောက်နေကြပြီး ကမ္ဘာတ၀ှမ်း စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနဲ့ ပညာရေး နယ်ပယ်တွေနဲ့ပတ်သက်ပြီး အကဲခတ်စမ်းစစ်မှုတွေ၊ တီထွင်ဖန်တီးမှုတွေ၊ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ပတ်သက်ပြီး တိုင်ပင်နှီးနှော ဆွေးနွေးနေကြတာဖြစ်ပါတယ်။

2011年1月26日水曜日

မင်းတြားကြီး သန်းရွှေ နဲ့ နေပြည်တော် ခိုးသားများ အပိုင်း (၁)

ဒီလကုန်ရင် နေပြည်တော်မှာ လွှတ်တော် ခေါ်တော့မယ်။ အစိုးရ အုပ်ချုပ်ရေး ပြောင်းသွားမယ်လို့ ယူဆသူ တချို့ ရှိပေမယ့် မြန်မာ လူထု အများစုကတော့ ဘာမှ မပြောင်းဘူးလို့ ပြောနေကြတယ်။ ဗိုလ်ချုပ်မှူးကြီးနဲ့ အပေါင်းအပါ မိသားစုဝင်တွေ စိတ် ထင်တိုင်း ကျဲနေတာကို တရားဝင်မှု ပြုပေးရုံ လွှတ်တော် အမည်ခံ သက်သက်ပဲလို့ ဆိုကြတယ်။ လာမယ့် အစိုးရသစ်ကလည်း ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် ခေါင်းဆောင်လုပ်ရင်လုပ်၊ မလုပ်ရင် သူ့သစ္စာခံတွေကို သူကောင်းပြု ခန့်ထားမှာ လို့လည်း ပြောကြတယ်။

ဘယ်သူပဲ တက်တက် အစိုးရ အဖွဲ့ဝင်တွေဟာ ပိုင်ဆိုင်ထားတဲ့ ပစ္စည်းဥစ္စာတွေကို ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်း ကြေညာရမှာ ဖြစ်ပါတယ်။ လက်ရှိ အနေအထားကတော့ အစိုးရသစ်ကို ဆက်ပြီး ဦးဆောင်မယ်လို့ သတင်းပြေးနေတဲ့ ဗိုလ်ချုပ်မှူးကြီး အပါအ၀င် သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဦးရွှေမန်းနဲ့ လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန် တို့ အပြင် နေပြည်တော်က စစ်အာဏာပိုင်တွေ အတွက် ဒီ ဥပဒေက အရာမ၀င်ဖြစ်နေရတယ်။ ဥပဒေအထက်မှာ ထင်ရာဆိုင်းနေကြတဲ့ ဗိုလ်ချုပ်မှူးကြီး နဲ့ အပေါင်းအပါတွေ အကြောင်း တစေ့တစောင်းကို ဧရာဝတီ က ဖော်ထုတ် တင်ပြအပ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

Chief-Ge.-Than-Shwe-and-Wife
ပြီးခဲ့သည့် ၂၀၁၁ ခု ဇန်န၀ါရီ ၄ ရက်က နေပြည်တော်၌ ကျင်းပသည့် ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ ညစာ စားပွဲတွင် အစိုးရ အဖွဲ့ဝင်များကို နှုတ်ဆက်နေသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင် (ဓာတ်ပုံ - AP)
ကွယ်လွန်သူ အာဏာရှင်ကြီး ဦးနေ၀င်းက နိုင်ငံတော် အစည်း အဝေးတွေမှာ သူများထက်မြင့်တဲ့ ထိုင်ခုံနဲ့ ထိုင်လေ့ရှိပါတယ်။ လက်ရှိ စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်မှာတော့ မိသားစုဝင် တွေပါ သူများထက် ခေါင်းတလုံး ပိုမြင့်ချင်ကြတယ်။ နိုင်ငံတော် ပွဲတွေဆို ရှေ့ဆုံးမှာ နေရာယူ ကြတယ်၊၊ ပဒေသရာဇ် စိတ်ဝင်နေတဲ့ ဒီမိသားစုဟာ ဘယ်လောက်အထိ ချမ်းသာ ကြွယ်ဝတယ်ဆိုတာ မသိနိုင် လောက်အောင်ပါပဲ။

လေ့လာ သုံးသပ်သူတွေ အဆိုအရ နိုင်ငံတော် ဘဏ္ဍာငွေ ရှင်းတမ်းမှာ တဒေါ်လာ ၆ ကျပ်နဲ့ စာရင်းပြထားလို့ ပိုနေတဲ့ ဘီလျံနဲ့ ချီတဲ့  ဂက်စ်ရောင်းရ ငွေတွေဟာ စင်ကာပူ ဘဏ်တွေမှာ စာရင်းဖွင့် အပ်ထားကြောင်း သိရတယ်။ အဲ့ဒီငွေတွေကို စာရင်းကိုင်ဖို့ ဒု ဗိုလ်ချုပ်ကြီး တင်အေးက တာဝန်ယူရတယ်။ တရုတ်ပြည် ပီကင်းနဲ့ ရှန်ဟိုင်းမှာလည်း အိမ်တွေ ၀ယ်ထားတယ်လို့ ဆိုတယ်။

ပြည်တွင်းမှာကတော့ လက်ညှိုးညွှန်ရာ အကုန်ပိုင်တယ် ဆိုတဲ့ အခြေအနေမျိုးပါ။ ကာကွယ်ရေး ၀န်ကြီးဋ္ဌာန အသိုင်းအ၀ိုင်းတွေ အဆိုအရ ဗိုလ်ချုပ်မှူးကြီး မပါဘဲ ဒေါ်ကြိုင်ကြိုင်နဲ့ သမီးတွေ မကြာခဏ တိုင်းခန်းလှည့်လည် သလိုမျိုး ခရီးထွက် တတ်တယ်၊ သူတို့ ရောက်လာရင်လည်း ရောက်ရာ အရပ်က တိုင်းမှူး တပ်မမှူးတွေက စိတ်ညစ်ရတယ်လို့ ဆိုတယ်၊၊ ဈေးတွေ၊ ရှော့ပင်းမောလ်တွေ၊ စူပါ မားကက်တွေကို ရောက်ရင်လည်း လက်ညှိုထိုးပြီး ယူကြသလို၊ စိန်၊ ရွှေ လက်ဝတ်ရတနာ တွေကိုလည်း တိုင်းမှူး တပ်မမှူး ကတော် တွေက ဗန်းနဲ့ ယူပြရတယ်။ သူတို့က ကြိုက်တာရွေးပြီး တခါယူရင် အောက်ထစ် သိန်းနှစ်ထောင် ဖိုးလောက် ယူတယ်။ အဲဒီလို ယူတာတွေကို တိုင်းမှူးတွေက နောက်ကနေ လိုက်ရှင်းပေးရတယ်။ ဒီမိသားစု စိန်ကြိုက်တတ်ပုံကိုတော့ ၂၀၀၆ ခုနှစ်မှာ လူတွေ ကျယ်ကျယ် ပြန့်ပြန့် ကြည့်လိုက်ရတဲ့ သမီးတော် သန္တာရွှေ ရဲ့ မင်္ဂလာပွဲ မှတ်တမ်းတင် ဗီဒီယို အခွေမှာ အမြည်းအစမ်း သဘောတွေ့လိုက်ကြရပါတယ်။

ရှေးမြန်မာမင်းများထုံး နှလုံးမူသလားတော့ မသိဘူး။ မကွေး၊ မုံရွာ နယ်တွေဘက်မှာရှိတဲ့ လက်ယက်ရေနံတွင်းတွေ တူးဖော်ခွင့်၊ ကောလင်း၊ ၀န်းသို၊ မုံရွာနယ်က ရွှေတူးဖော်ခွင့်တွေအားလုံးကို ချုပ်ကိုင်ထားပြီး တခြားသူတွေကို လုပ်ပိုင်ခွင့် ပြန်ချပေးတယ်။ လုပ်ပိုင်ခွင့် လိုင်စင်တွေကိုတော့ ဒေသဆိုင်ရာ တိုင်းမှူးတွေက တဆင့်လျှောက်ရတယ်။ လိုင်စင်ကြေးကတော့ တဧက ကို သိန်း ၃၀ ပေါက်ဈေး ရှိတယ်လို့ သိရတယ်။ လုပ်ပိုင်ခွင့် ဧက ၁၀၀၀ ဆိုရင် ကျပ်ငွေ သိန်း တသောင်း။ အမေရိကန် ဒေါ်လာ ၁ သန်း နဲ့ ညီမျှတဲ့ ငွေကို နှစ်စဉ်ကြေး ပေးကြရတယ်။ သူတို့ဆီကနေ ပြန်ပြီး လုပ်ပိုင်ခွင့်ယူတဲ့သူတွေထဲမှာတော့ မုံရွာမှာ လက်ရှိ ရေနံ တူးနေတဲ့ မန္တလေးမြို့က တရုတ်သူဌေး ဂရိတ်ဝေါလ် အုပ်စုလို့ နာမည်ကြီးတဲ့ ဟွန်ဒါ တင်မောင်က အများဆုံး ယူထားတယ်။

နေပြည်တော်နဲ့ မေမြို့မှာလည်း အကောင်းဆုံး အိမ်တွေ ခြံတွေကို ပိုင်ဆိုင်ထားလို့ အားမရဘူး။ ရန်ကုန်မြို့က အင်းလျားကန် အနီးတ၀ိုက်မှာရှိတဲ့ ကောင်းပေ့ညွန့်ပေ ဆိုတဲ့ နိုင်ငံတော်နဲ့ စစ်တပ်ပိုင်မြေတွေကိုလည်း ယူထားပြီးပြီလို့ သိရတယ်။ ရန်ကုန် ပြည် လမ်းနဲ့ ကမ္ဘာအေး ဘုရားလမ်းကြား၊ မရမ်းကုန်းမြို့နယ် ပါရမီလမ်းမကြီးဘေးမှာရှိတဲ့ ကာကွယ်ရေး ပစ္စည်း စက်ရုံ (ကပစ ၁၊ ကပစ ၄) တပ်နေရာတွေကိုလည်း အခု ဖယ်ရှားခိုင်းပြီး သူတို့မိသားစု ယူထားတယ်လို့ သိရတယ်။

အလားတူပဲ ပြည်လမ်း ရိုးမရိပ်သာနားက အင်းလျားလမ်းထိပ်မှာရှိတဲ့ အရင် မိသားစုအမွေမှု ဖြစ်နေတဲ့အိမ်(မြို့နယ် ငြိမ်ဝပ် ပိပြား ရေး ရုံးဟောင်း) ကို ရဟတ်ယာဉ် ပျက်ကျလို့ ကွယ်လွန်ရသူ ဗိုလ်ချုပ်ကြီးတင်ဦး ဇနီး ဒေါ်ခင်သန်းနွဲ့ကို ပေးပေမယ့် မယူတဲ့ အတွက် ဒေါ်ကြိုင်ကြိုင်က ယူပြီး ဦးတေဇက နာမည်ခံပေး ထားရတယ်။ စီးပွားရေး အသိုင်းအ၀န်းမှာတော့ ဦးတေဇဟာ ဗိုလ်ချုပ်မှူးကြီး တို့ မိသားစု စီးပွားရေး လုပ်ငန်းတွေကို ဦးဆောင်လုပ်ပေးနေရတဲ့ ကိုယ်စားလှယ်လို့ ပြောနေကြတယ်။ ပုဂ္ဂလိက ဆေးရုံလုပ်ဖို့  ဦးတေဇ ၀ယ်ယူလိုက်တဲ့ အင်းလျားကန်ထိပ်က ကန်သာယာဆေးရုံမှာလည်း သမီးတွေရှယ်ယာ ငွေ ပါတယ်၊ ငွေဆောင်ကမ်းခြေနဲ့ ချောင်းသာက ဦးတေဇပိုင် ဟိုတယ်တွေမှာလည်း ရှယ်ယာထည့်ထားတယ်လို့ သိရတယ်။

ဗိုလ်ချုပ်မှူးကြီးတို့ မိသားစု စီးပွားရေး သောင်းကျန်းတာကတော့ နောက်ဆုံး ဖိုးလပြည့်တောင် မကျန်ဘူးလို့ ဆိုရမယ်။ တရားဝင် ကုမ္ပဏီထောင်ပြီးတော့ စီးပွားရေး လုပ်တာမဟုတ်ဘဲ အဘိုး အရှိန်အ၀ါနဲ့ မာဖီးယား ဆန်ဆန် မျက်နှာပြပြီး ပွဲစားစီးပွားရေးမျိုး လုပ်နေတာပါ။

သူ့လုပ်နည်းလုပ်ဟန်က တချို့ကုမ္ပဏီတွေ တရားမ၀င် ပစ္စည်းတွေသွင်းလာရင် အကောက်ခွန်ဌာနက အစစ်အဆေးမခံရ အောင် တရားဝင် အခွန်မဆောင်ရအောင် ဆိပ်ကမ်းမှာရှင်းပေးတယ်။ ၀န်ဆောင်မှု အနေနဲ့ကတော့ ပစ္စည်းအမျိုးအစားပေါ် မူတည် ပြီး ပိုက်ဆံယူတယ်။ ဒါ့အပြင် ရန်ကုန်မြို့က မြေနေရာတွေမှာ အလုပ်လုပ်လိုတဲ့ လုပ်ငန်းရှင်တွေကို ၀န်ကြီးတွေ ဌာနဆိုင်ရာတွေနဲ့ ဆက်သွယ်ပေးတဲ့ ပွဲစားမျိုးလည်း လုပ်တယ်။

အထင်ရှားဆုံးကတော့ ပြည်လမ်းနဲ့ မနော်ဟရီလမ်း အတွင်းမှာရှိတဲ့ ထိုင်းသံရုံးဘေးက ဖျာပုံမမြနွယ်ခြံလို့ လူသိများတဲ့ မြေကွက်ကြီး ကို ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်တဲ့ နိုင်ဂရု(Naing Group)က ကုလားသူဌေးတွေ ၀ယ်ယူရာမှာ မြို့တော် စည်ပင်က အတည်မပြုပေးတဲ့ အတွက် ကုမ္ပဏီက ဖိုးလပြည့်ကို ကျပ် သိန်း ၅၀၀၀ ပေးပြီး မြို့တော်ဝန် ဦးအောင်သိန်းလင်းကို နားချပေးခိုင်း တာပါ။

ဖိုးလပြည့်ဟာ စီးပွားရေးနဲ့ ပတ်သက်လာရင် ဘယ်စစ်ဗိုလ်ချုပ်သားသမီးတွေကိုမှ ဗိုလ်မထားပါဘူး။ နေရာကောင်းမှာ ဆိုင်ဖွင့်ထား တဲ့ အတွင်းရေးမှူး(၁)သီဟသူရ တင်အောင်မြင့်ဦး ရဲ့သား ဗိုလ်ကြီး ဟောင်း တေဇာစောဦး လုပ်ကိုင်နေတဲ့ “7 Lekker” ကော်ဖီ ဆိုင်ကို နောက်လိုက်တွေ စေလွှတ်ပြီး ဖျက်ဆီးပြခဲ့သလို သူပွဲစားလုပ်နေတဲ့ ပြည်သူ့ ဥယျာဉ်ထဲက မြေကွက်နဲ့ ပတ်သက်ပြီး ကာ ကွယ်ရေး ၀န်ကြီးဌာန ပစ္စည်းဝယ်ယူရေး(ကက ၀ယ်) ညွှန်ကြားရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ် ၀င်းလှိုင်ရဲ့သား ၀င်းထွေးလှိုင်က ၀င်လာလို့ နောက်လိုက်တွေကို ရိုက်နှက်ဖို့ ခိုင်းစေခဲ့ဖူးပါတယ်။

အနိုင်ကျင့်တဲ့နေရာမှာတော့ အဘိုးခြေရာမီပါတယ်။ ဖိုးလပြည့်ဟာ သူ့မကောင်းကြောင်း Facebookမှာ ရေးမိတဲ့ အမေရိကားနေ သူငယ်ချင်းတယောက်ကို မြန်မာပြည် ပြန်အလာ ရဲနဲ့ ဖမ်းခိုင်းပြီး ဒုက္ခပေးခဲ့တာကြောင့် မိဘများ အခက် ကြုံခဲ့ရတယ်။၂၀၀၉ ခုနှစ် တုန်းကလည်း စင်ကာပူမှာ ကျောင်းတက်နေတဲ့ သူငယ်ချင်းတယောက် အလားတူမကောင်းကြောင်း ရေးမိတဲ့ အတွက် ရန်ကုန်မြို့က အဲ့ဒီ သူငယ်ချင်းမိဘတွေရဲ့ အိမ်ကို ခဲနဲ့ထု၊ လူတွေကို ရဲနဲ့ဖမ်းခိုင်းပြီး ဦးချတောင်းပန်ခိုင်းတဲ့အတွက် မိဘတွေမှာ သား ဇော ကြောင့် ရှက်ရှက်နဲ့ပဲ ဦးချတောင်းပန်ခဲ့ရတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ရန်ကုန်မြို့ လမ်း ၅၀ မှာရှိတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ရုံး ကားရပ်နားရာ နေရာမှာ နိုင်ငံခြား ရေး ၀န်ကြီး ဦးဉာဏ်ဝင်းရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးတဦး က ဖိုးလပြည့်ကားရှေ့မှာ ပိတ်ရပ်မိတဲ့ အတွက် အိမ်ကို ခေါ်သွားပြီး ဆုံးမသြ၀ါဒ ပေးခဲ့တာကို အဲဒီဗိုလ်ကြီး က သတိအနေအထားနဲ့ နာယူရတယ်လို့လည်း သိရပါတယ်။
အလားတူ အဲပုဂံရဲ့ နေပြည်တော်သွား ပြည်တွင်းခရီးစဉ်တခုမှာ ဖိုးလပြည့်နဲ့ အပေါင်းအပါ အုပ်စုရောက်လာခဲ့လို့ အရင်ရောက်နှင့် နေပြီး ဗီအိုင်ပီ အတန်းမှာ နေရာယူထားတဲ့ ဦးရွှေမန်းရဲ့သား အောင်သက်မန်း က အောင့်သက်သက်နဲ့ ရိုးရိုးတန်းကို ပြောင်းပေး လိုက်ရတယ်။

ဗိုလ်ချုပ်မှူးကြီး မိသားစုရဲ့ မတရားမှုတွေက ဒီလောက်နဲ့တင် ရပ်မသွားပါဘူး။ အရည်အချင်း ပြည့်ဝ၏ မပြည့်ဝ၏ နောက်ထား။ အာဏာရှင်ကြီး ဦးနေ၀င်း လက်ထက်ကတောင် မလုပ်ခဲ့တဲ့ စင်ကာပူ၊ တရုတ်နိုင်ငံက သံရုံး တွေမှာ သမီးတွေကို အကြီးတန်း သံတမန် ရာထူးတွေ ခန့်ထားခဲ့တယ်။ သမီးတွေကတော့ သံတမန်အလုပ်ထက် သံရုံးက ကောက်ထားတဲ့ အခွန်ငွေတွေကို အချိန် မှန်လာရောက် သိမ်းတဲ့ အလုပ်ကိုပဲ လုပ်တယ်။ သားတွေဖြစ်တဲ့ ထွန်းနိုင်ရွှေ၊ ကြိုင်ဆန်းရွှေ တို့ကတော့ နေပြည်တော်က ဟိုတယ် လုပ်ငန်းတွေနဲ့ မြန်မာပြည်အနှံ့ လက်ညှိုးထိုး မလွဲအောင် မှိုလိုပေါက်နေတဲ့ လောင်စာဆီ ဆိုင်တွေကို ပိုင်ကြတယ်။ နာမည်ကြီး ဂျေဒိုးနတ်ဆိုလည်း ထွန်းနိုင်ရွှေ ပိုင်တာပဲ။ ကျောက်မျက်ကုမ္ပဏီ မြန်မာ ဗွီအီးအက်စ် ဆိုလည်း ကိုမိုးနီဆိုတဲ့ စီးပွားရေးသမား တယောက်နဲ့ တွဲလုပ်တယ်။ ပဲခူးမှာလည်း သစ်အချောထည် စက်ရုံထောင်ထားသေးတယ်။

ဗိုလ်ချုပ်မှူးကြီး မိသားစုက ဒီလို မြန်မာတပြည်လုံးမှာ ထင်သလို ချယ်လှယ်ပိုင်ခွင့်၊ ထင်ရာဆိုင်းပိုင်ခွင့်ရှိနေတာဟာ ရှေးဘ၀ ကုသိုလ် ကြောင့် ဒီဘ၀မှာ အကျိုးပေးတာလို့ နှစ်နှစ်ကာကာ ယုံကြည်နေကြပါတယ်။ ဒါပေမယ့် ရှေးကုသိုလ်ဟာ ဗိုလ်ချုပ်မှူးကြီး ယူနီဖောင်း ချွတ်မချွတ်နဲ့ သက်ဆိုင်နေကြောင်း သူတို့ ကောင်းကောင်းကြီး သဘောပေါက်နေကြတယ်။

ဗိုလ်ချုပ်မှူးကြီး အသက်အရွယ် ထောက်လာလို့ နားချင်တယ်ဆိုတာတောင် ဒေါ်ကြိုင်ကြိုင်က နားခွင့်မပေးဘူးလို့ သိရပါတယ်။

လက်ရှိ စစ်တပ်မှာ ဗိုလ်ချုပ်မှူးကြီးဟာ နောက်တက်လာမယ့် စစ်ခေါင်းဆောင်တွေကို စိတ်မချသလို အာဏာရှင် ဦးနေ၀င်းလို ကျ ဆုံးခန်းရောက်မှာမျိုးကို စိုးရိမ်တဲ့အတွက် သီဟ သူရ ဦးတင်အောင်မြင့်ဦးနဲ့ ဦးတင်အေးကိုလည်း လက်ရှိ စစ်တပ် ခေါင်းဆောင် ငယ်တွေကို စိတ်ချလက်ချ လွှတ်မထားဖို့ ပြောဆိုကြောင်း သိရပါတယ်။ ဒါကြောင့် လက်ရှိ စစ်ထောက်ချုပ်နဲ့ စစ်ရေးချုပ်ဟာ နာမည်သာရှိပြီး တပ်နဲ့ပတ်သက်တဲ့ လုပ်ပိုင်ခွင့်ကတော့ မရှိသေးပါဘူး။ 

သမ္မတကြီးပဲ လုပ်မှာလား၊ နာယက ကြီးပဲ လုပ်မှာလား ဆိုတဲ့ မေးခွန်းရဲ့ အဖြေကတော့ မကြာခင် ရုပ်လုံးပေါ်လာလိမ့်မယ်လို့ ယူ ဆ ရပါတယ်။ လူတွေကတော့ အနားယူတယ်ဆိုတာ အနားကပ်တော့မှ သိမ်းကျုံးယူသွားတယ်လို့ ဆိုကြတယ်။ တကယ် အနားယူတယ်ဆိုဦးတော့ မိသားစု အနာဂတ် လုံခြုံရေး စိတ်ချရအောင် ဗိုလ်ချုပ်မှူးကြီး စီမံထားပြီးပါပြီ။ ဒီပဲယင်း အရေးအခင်းမှာ နာမည်ကြီးခဲ့ပြီး မကြာခင်က အငြိမ်းစားယူသွားတဲ့ ဗိုလ်မှူးကြီး သန်းဟန်ကို Eagle Security ဆိုတဲ့ လုံခြုံရေး ကုမ္ပဏီဖွဲ့စေပြီး မိသားစုလုံခြုံရေးကို လက်ရှိ စောင့်ရှောက် ခိုင်းထားတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံရောက် ဒုက္ခသည်တွေအတွက် ရိက္ခာလျှော့မည်

အင်္ဂါ, 25 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

ထိုင်းနိုင်ငံထဲမှာ ခိုလှုံနေကြရတဲ့ မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေအတွက် အကူအညီတွေကို လျှော့ချရတော့မယ်လို့ ကူညီထောက်ပံ့ ပေးနေတဲ့ အဖွဲ့တွေက ကြေညာလိုက်ပါတယ်။ စားသောက်ကုန် ဈေးနှုန်းတွေ တက်လာတာ၊ ငွေကြေးလဲလည်နှုန်းတွေမှာ အပြောင်းအလဲတွေ ရှိလာတဲ့အတွက် ဒီလို ရိက္ခာ ထောက်ပံ့မှုတွေကို လျှော့ချဖို့ ဆုံးဖြတ်ခဲ့ရတာလို့ ဒုက္ခသည် အကူအညီ ပေးနေတဲ့ TBBC အဖွဲ့က ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း ကရင်ပြည်နယ်တွင်းက မြန်မာစစ်အစိုးရ တပ်တွေနဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေကြား တိုက်ပွဲတွေဟာ နေ့စဉ်လိုလို ဖြစ်ပေါ်နေတာကြောင့် စိုးရိမ်ပူပန်မှုတွေနဲ့ ထွက်ပြေးလာပြီး ထိုင်းနိုင်ငံမှာ ယာယီ ခိုလှုံနေကြသူတွေကို ဆန်ကလွဲလို့ တခြားရိက္ခာတွေ ထောက်ပံ့တော့မှာ မဟုတ်ဘူးလို့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။
အကူအညီ ပေးနေတဲ့ အဖွဲ့တွေရဲ့ စာရင်းဇယားအရ လူဦးရေ ၁၀,၀၀၀ နီးပါးလောက်အထိ ရှိနေတဲ့ ဒီဒုက္ခသည်တွေဟာ ၂ နိုင်ငံကြားက သောင်ရင်းမြစ် နံဘေးနဲ့ နီးစပ်ရာ နေရာတွေမှာ ခိုလှုံနေကြရတာဖြစ်ပြီး သူတို့ကို ဒုက္ခသည်တွေကို အဓိက စားနပ်ရိက္ခာ ထောက်ပံ့ပေးနေတာကတော့ Thailand Burma Border Consortium (TBBC) အဖွဲ့ ဖြစ်ပါတယ်။
ဒီအထဲကမှ မကြာသေးခင်ကမှ မြန်မာနိုင်ငံက ထွက်ပြေးပြီး ထိုင်းနိုင်ငံထဲမှာ ယာယီ ခိုလှုံနေသူတွေဟာလည်း အတည်တကျ မရှိတဲ့အတွက် ထောက်ပံ့မှုတွေမှာ ကန့်သတ်ရတာလို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ကယ်ဆယ်ရေးအဖွဲ့ရဲ့ မဲဆောက်တာဝန်ခံ ဆရာနေဦးက အခုလို ပြောပါတယ်။
“အားလုံးပေါင်း ၉ လကျော်ပြီ။ ကိုယ်ဝန်ဆောင်က ဘယ်နှစ်ယောက်ရှိတယ်၊ ၅ နှစ်အောက်က ဘယ်လောက်ရှိတယ်၊ အဲဒါတွေ ကျနော်တို့ လုပ်ထားပါတယ်။ အခုလောလောဆယ် မဲဆောက်ခွင်ကျတော့ အခက်အခဲတော့ သိပ်မရှိဘူး။ ဟိုဘက်မှာကျတော့ အခက်အခဲရှိတယ်။”
စားသောက်ကုန် ဈေးနှုန်းတွေ တက်လာတာ၊ ငွေကြေးလဲလှယ်နှုန်းတွေမှာ အပြောင်းအလဲတွေ ရှိလာတဲ့အတွက် ထိုင်းနိုင်ငံမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေအတွက် ရိက္ခာထောက်ပံ့မှုတွေကို လျှော့ချဖို့ ဆုံးဖြတ်ခဲ့ရတာတွေ ရှိတယ်လို့ TBBC က ပြောပါတယ်။ နေရာဒေသ အမျိုးမျိုးကနေ ပုံစံမျိုးစုံနဲ့ ရောက်လာကြပြီး ထိန်းချုပ်ဖို့ ခက်ခဲတဲ့ အခြေအနေတွေ ရှိနေတဲ့အတွက် ဒါတွေကို လုံလောက်အောင် ထောက်ပံ့ရာမှာ အခက်အခဲတွေ ရှိတယ်လို့ TBBC အဖွဲ့ရဲ့ ဒုတိယ အလုပ်အမှုဆောင် ဒါရိုက်တာ မစ်စ် ဆယ်လီ သော်မဆင်က ပြောပါတယ်။
သူပြောသွားတဲ့ အထဲမှာ ဒုက္ခသည်တွေဟာ နေရာပေါင်းစုံက လာကြတယ်၊ နေရာ တကွဲတပြားစီက လာကြတဲ့အတွက် ထိန်းချုပ်ဖို့လည်း ခက်ခဲတယ်၊ ဒါတွေကို ဝေငှပြီး နေရာချထားပေးနေရတာ ဖြစ်တယ်၊ အထောက်အပံ့ ပေးနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီအထဲက ဒုက္ခသည်တွေဟာ သူတို့ရွာကို ပြန်သွားလိုက်၊ ပြန်လာလိုက်လည်း လုပ်နေတဲ့အတွက် သူတိုကို ထိန်းချုပ်ဖို့လည်း ခက်ခဲတယ်၊ သူတိုရွာတွေကတော့ ပျက်စီးနေပြီး တချို့အိမ်တွေကတော့ ကျန်နေသေးတယ်၊ ဒါပေမဲ့ သူတို့ရဲ့ အခြေခံ လိုအပ်ချက်တွေကိုတော့ ဖြည့်ဆည်းပေးနေသေးတယ်လို့ ပြောသွားပါတယ်။
အခုဆိုရင် လွန်ခဲ့တဲ့ ၂ ပတ်ခန့်က လူဦးရေ ၈,၂၀၀ ကျော်သာ ရှိပေမဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေတာနဲ့အမျှ အခုဆိုရင် ကိုယ်ဝန်ဆောင် မိခင်တွေ၊ ကလေးငယ်တွေ အပါအ၀င် လူဦးရေ ၉,၉၀၀ ကျော်တောင် ရှိနေပြီလို့လည်း TBBC နဲ့ ကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူတွေက ပြောပါတယ်။
ထိုင်း၊ မြန်မာ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ရှိနေပြီးသား ဒုက္ခသည် ၁၄၀,၀၀၀ ကျော် အတွက်လည်း TBBC က ဆန်ဝေငှမှုတွေကို ၂၀% လျှော့သွားမယ်လို့ ပြောပါတယ်။ နောက်ထပ်လည်း ဆီ၊ ဆား၊ ငရုတ်သီးနဲ့ သကြား စတဲ့ ရိက္ခာဝေငှမှုတွေကိုလည်း လျှော့ချမှာ ဖြစ်တယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။

ပုဂ္ဂလိကပိုင် ပြုလုပ်မှုကြောင့် မြန်မာ့စီးပွားရေး စစ်တပ်ထိန်းချုပ်မှု ခိုင်မြဲ

အင်္ဂါ, 25 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

မြန်မာနိုင်ငံမှာ စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေရဲ့ တစိတ်တပိုင်းအဖြစ် စစ်အစိုးရက နိုင်ငံပိုင်ပစ္စည်း အတော်များများကို ပုဂ္ဂလိကလက်ထဲ လွှဲပြောင်း ရောင်းချပေးနေတယ်လို့ သိရပါတယ်။ ဒီရောင်းချမှုဟာ နိုင်ငံပိုင် ပစ္စည်းတွေကို စစ်အစိုးရနောက်လိုက် စီးပွားရေးသမားတွေ လက်ထဲ ပြောင်းပေးလိုက်ပြီး တိုင်းပြည်ရဲ့ စီးပွားရေးကို ထိန်းချုပ်ထားတာထက် မပိုဘူးလို့ ဝေဖန်သူတွေက မှတ်ချက်ချပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် ရွန်ကော်ဘန် (Ron Corben) သတင်းနောက်ခံ ဆောင်းပါး ပေးပို့ထားတာကို မမိုးဖြူက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံဟာ စစ်အစိုးရရဲ့ စီးပွားရေး လက်ဝါးကြီးအုပ် ချယ်လှယ်ခံထားရတဲ့ နိုင်ငံဖြစ်ပြီး အာရှမှာ အဆင်းရဲဆုံး တိုင်းပြည်တွေထဲက တခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း စစ်အစိုးရကတော့ တိုင်းပြည်ပိုင်ဆိုင်မှုရဲ့ ၉၀% လောက်ကို ရောင်းစားတာမျိုး အပါအ၀င် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ မကြာသေးခင်က တိုင်းပြည်က ပိုင်ဆိုင်တဲ့ လေဆိပ်တွေ၊ အဆောက်အဦးတွေ၊ ဓာတ်ဆီဆိုင်နဲ့ သင်္ဘောဆိပ်နဲ့နီးတဲ့ မြေကွက်ကြီးတွေ အပါအ၀င် စီးပွားရေး ပိုင်ဆိုင်မှုပေါင်း ၄၀၀ ကျော်ကို အစိုးရက ထုတ်ရောင်းလိုက်ပြီလို့ ရန်ကုန်က သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။
ကမ္ဘောဒီးယား အခြေစိုက် Leopard Capital ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်ဂလပ်စ် ကလေတန် (Douglas Clayton) က ပြည်သူပိုင် အခန်းကဏ္ဍကနေ ပုဂ္ဂလိကပိုင် လုပ်တာဟာ စီးပွားရေးအရ ပိုပြီး ထိရောက်မှုရှိတဲ့ ခြေလှမ်းတခု လှမ်းလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီလို စီးပွားရေး ပြုပြင်ပြောင်းလဲမှုကနေ နောက်ထပ် ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ အရှိန် ပိုရလာပါလိမ့်မယ်။”
ဒါပေမဲ့ တချို့ မြန်မာ့စီးပွားရေး ကျွမ်းကျင်သူတွေကတော့ အခုလို ပုဂ္ဂလိကပိုင် လုပ်တာဟာ လက်ရှိ စစ်အစိုးရရဲ့ အာဏာကို ထိန်းချုပ်ထားဖို့ ကြိုးပမ်းချက် တစိတ်တပိုင်းသာ ဖြစ်တယ်လို့ ယူဆပါတယ်။ သူတို့ရဲ့ အမြင်အရ အခု ပုဂ္ဂလိကပိုင် ပေးလိုက်တဲ့ တိုင်းပြည်ရဲ့ ပိုင်ဆိုင်မှုတွေဟာ စစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ လက်ထဲကို ရောက်သွားတာသာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။
သြစတြေးလျ မက်ကွာရီ တက္ကသိုလ် (Macquarie University) က စီးပွားရေး ပညာရှင် အဲလစ်စန် ဗစ်ကရီ (Alison Vicary) ကတော့ အခုလို ဝေဖန် သုံးသပ်ပါတယ်။
“နိုင်ငံပိုင် ပစ္စည်းတွေ ပုဂ္ဂလိက ကဏ္ဍကို အကြီးအကျယ် ရောင်းချပေးနေတာဟာ ရွေးကောက်ပွဲ မတိုင်ခင်က စစ်အစိုးရကို ထောက်ခံ အားပေးခဲ့တဲ့ စီးပွားရေးသမားတွေကို အစိုးရက ပြန်ကြည့်တဲ့ သဘောပါပဲ။ ဥပမာ နိုင်ငံပိုင် လေယာဉ်ကွင်းကို ရောင်းပေးလိုက်တာဟာ စစ်အစိုးရနဲ့ နှစ်ပေါင်းများစွာ တကြိတ်တည်း တဉာဏ်တည်း လုပ်ခဲ့တဲ့ စီးပွားရေးသမားတွေကိုပါပဲ။ ဒါကြောင့် စစ်အစိုးရ အနေနဲ့ ဒီစီးပွားရေးသမားတွေကို အိတ်ထဲထည့် စည်းရုံးထားဖို့ လုပ်တယ် ဆိုတာကတော့ ထင်ရှားပါတယ်။ နောင်အနာဂတ်မှာ စီးပွားရေး စီမံခန့်ခွဲဖို့ ဆိုတာက နောက်ကိစ္စတခုပါ။”
အခုလို ရောင်းလိုက်တဲ့ နိုင်ငံပိုင် ပစ္စည်းတွေကို ၀ယ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေထဲမှာ စစ်တပ်ရဲ့ အငြိမ်းစားလစာ ရန်ပုံငွေတွေကို ချုပ်ကိုင်ထားတဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းလို၊ နိုင်ငံပိုင်ပစ္စည်း ရောင်းလို့ရတဲ့ ရန်ပုံငွေတွေကို ကြီးကြပ်ရတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်လို စစ်တပ်ရဲ့ စီးပွားရေး လုပ်ငန်းကြီးတွေပါ ပါနေတယ်လို့ တချို့ မြန်မာ့စီးပွားရေး ကျွမ်းကျင်သူတွေက ထောက်ပြ ဝေဖန်ကြပါတယ်။
“အခုလုပ်တဲ့ ပုဂ္ဂလိကပိုင် ပြုလုပ်မှုတွေက ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုကို စစ်အစိုးရနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်တွေ အပါအ၀င် စစ်အစိုးရနောက်လိုက် စီးပွားရေးသမားတွေရဲ့ ပိုင်ဆိုင်မှု ဖြစ်လာအောင် ပြောင်းလိုက်တာပါပဲ။”
မြန်မာနိုင်ငံအကြောင်း ရေးသားနေတဲ့ ဘာတေးလ် လင့်တနာ (Bertil Lintner) ကလည်း ဒီပုဂ္ဂလိကပိုင် လုပ်မှုတွေဟာ စစ်ခေါင်းဆောင်တွေနဲ့ နောက်လိုက်တွေ အတွက်ပဲ ဆိုတာ ထောက်ခံပါတယ်။ ဒါပေမဲ့ ဒီလုပ်ရပ်က ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ လမ်းဖွင့်ပေးလိုက်တယ်လို့တော့ ယူဆပါတယ်။
“စီးပွားရေး အခွင့်အလမ်းသစ်တွေ ပေါ်လာပြီလို့ လူတွေက ပြောနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ စီးပွားရေး အခြေအနေက သိပ်ကို ဆိုးနေတာကြောင့် ပြုပြင် ပြောင်းလဲမှုတွေတော့ လုပ်ဖို့ လိုပါလိမ့်ဦးမယ်။”
ဟောင်ကောင်မှာရှိတဲ့ တရားမ၀င် ငွေလွှဲပြောင်းမှု နှိမ်နင်းရေး အကြံပေးအဖွဲ့က ပီတာ ဂယ်လို (Peter Gallo) ကတော့ အခုလို ပုဂ္ဂလိကပိုင် လုပ်ပေမဲ့လည်း နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်မယ်ဆိုရင် သတိကြီးကြီးထားဖို့ လိုမယ်လို့ သတိပေးလိုက်ပါတယ်။
“လက်တွေ့ပြဿနာကတော့ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှုနဲ့ လူ့အခွင့်အရေး အခြေအနေတွေပါပဲ။ ဒီမိုကရေစီနည်းကျ တင်မြှောက်တဲ့ အစိုးရ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်လို့ကတော့ နိုင်ငံတကာ ပြစ်တင်ရှုတ်ချတာကို ခံရမှာပါ။”
လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူ ဒက်ဘီ စတော့တ်ဟာ့တ် (Debbie Stothard) ကတော့ ဒီပြောင်းလဲမှုတွေဟာ မြန်မာပြည်သူ အများစုရဲ့ ဘ၀တိုးတက်ဖို့ ဘာမှ လုပ်မပေးနိုင်ပါဘူးလို့ ရှင်းရှင်းလင်းလင်း အခုလို မှတ်ချက်ချပါတယ်။
“မြန်မာပြည်က ပြည်သူ အများစုဟာ လျှပ်စစ်မီး၊ သန့်ရှင်းတဲ့ သောက်ရေ၊ အခြေခံ ကျန်းမာရေးနဲ့ ပညာရေး ခံစားခွင့်တွေ ဘာမှ မရှိကြပါဘူး။ အခုလို ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ သူတို့နောက်လိုက်တွေရဲ့ ပိုင်ဆိုင်မှုအဖြစ် ပြောင်းလိုက်တာဟာ ခုနပြောတဲ့ အခြေခံအခွင့်အရေး မရတဲ့ ပြည်သူအများစုအတွက် ဘာအကျိုးမှ မရှိပါဘူး။”
မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က လွှတ်ပေးတာနဲ့ ရွေးကောက်ပွဲ ကျင်းပတာတွေဟာ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှု တချို့ကို လုပ်တာဖြစ်တယ်လို့ အာဆီယံ ခေါင်းဆောင်တွေက ယူဆပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၀၀၀ ကျော် အကျဉ်းထောင်တွေထဲမှာ ဆက်ရှိနေတဲ့ အချက်နဲ့ စစ်အစိုးရက စီးပွားရေးကို ဆက်ပြီး လက်ဝါးကြီး အုပ်ထားတဲ့ အချက်တွေကြောင့် အာဆီယံက ပြောတဲ့ ပြုပြင်ပြောင်းလဲမှု တချို့ ဆိုတာဟာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်ဖို့ တကယ့်လက်တွေ့မှာ အများကြီး လိုနေပါသေးတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ထောက်ပြ သုံးသပ်ကြပါတယ်။

သန်လျင်တွင် ဒုတိယကမ္ဘာစစ်က မပေါက်ဘဲကျန်ရှိသည့် ရော့ကတ်ဒုံးကျည်တွေ့

သန်လျင်မြို့နယ် ကျိုက်ခေါက် ဘုရားလမ်းရှိ အောင်ချမ်းသာ လက်ဘက်ရည်ဆိုင်တွင် ဒုတိယကမ္ဘာစစ် လက်ကျန် ရော့ကတ် ဒုံးကျည်တခုကို ယမန်နေ့က အိမ်သာကျင်းတူးရင်း တွေ့ရှိခဲ့ကြောင်း သိရသည်။ ဆိုင်ရှင်က မယကကို အကြောင်းကြား လိုက်သဖြင့် အင်ဂျင်နီယာတပ်မှ ကျွမ်းကျင်သူများ လာရောက် စစ်ဆေးရာ ယမ်းများရှိနေပြီး စနက်တံ မပြုတ်သေး သည်ကို တွေ့ရကြောင်း၊ လုံးပတ်မှာ လူကြီးတဖက်ခန့်၊ အရှည် ၄ ပေခန့်၊ ထိပ်အပြားနှင့် ဒလက်များ ပါရှိကြောင်း၊ ယခုအခါ အစောင့်များ ချထားပြီး အဆိုပါ လက်ဘက်ရည်ဆိုင် ခြံဝင်းနှင့် နဘေးရှိ တခြားသောဆိုင်များ ပိတ်ထားရကြောင်း သွားရောက် ကြည့်ရှုသူ တဦးက ပြောသည်။ သန်လျင်မြို့တွင် ယခင်ကလည်း မကြာခဏဆိုသလို ဒုတိယကမ္ဘာစစ် လက်ကျန် စစ်သုံးပစ္စည်းများ တွေ့ရှိဖူးသည်။

မြန်မာနှင့် အင်ဒိုနီးရှားကို အိန္ဒိယ ဆိုက်ရောက်ဗီဇာ ပေးမည်

မြန်မာနှင့်အင်ဒိုနီးရှား နိုင်ငံသားများကို ဆိုက်ရောက်ဗီဇာထုတ်ပေးရန် အိန္ဒိယအစိုးရက ယနေ့ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း Newkerala သတင်းတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် ဇန်န၀ါရီ ၁ ရက်နေ့က အာရှနိုင်ငံများဖြစ်သော ကမ္ဘောဒီးယား ၊ လာအို ၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံသားများကို ဆိုက်ရောက်ဗီဇာပေးခဲ့ပြီးနောက် ယခုကဲ့သို့ မြန်မာနှင့် အင်ဒိုနီးရှားကို ပေးရန် အိန္ဒိယ အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း၊ ယမန်နှစ် ဇန်န၀ါရီ ၁ ရက်နေ့ကလည်း ဂျပန် ၊ စင်ကာပူ ၊ ဖင်လန် ၊ လူဇင်ဘတ်နှင့် နယူးဇီလန် နိုင်ငံ သားများအား ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။

ယခုလ ၂၇ ရက်တွင် ၀န်ကြီးများ ရာထူးမှ နုတ်ထွက်မည်

ယခုလ ၂၇ ရက်နေ့တွင် လက်ရှိ တာဝန် ထမ်းဆောင်နေသော အစိုးရအဖွဲ့ဝန်ကြီးများ ရာထူးမှ နုတ်ထွက်မည် ဖြစ်ကြောင်း သိရသည်။ ရာထူး နုတ်ထွက်ပြီးသည့် ဝန်ကြီးများထဲမှ ရွေးကောက်ပွဲ အနိုင်ရသူများမှာ လွှတ်တော်သို့ တက်ရမည် ဖြစ်ကြောင်း အထွေထွေ အုပ်ချုပ်ရေးဌာနမှ အရာရှိတဦးက ပြောသည်။ ဝန်ကြီးများ အနားယူပြီးလျှင် ၎င်းရာထူးများကို မည်သူတို့က ယာယီ တာဝန်ယူမည်ကိုမူ မသိရသေးပေ။

ဗိုလ်ချုပ်မှူးကြီးရဲ့ အထ္ထုပ္ပတ္တိ

ca-jan-25-11

၅ သိန်းတန်ဖုန်းကို ဆက်သွယ်ရေးက စစ်ဆေး ဖြတ်တောက်ခွင့်ရှိ

E-mail Print
ကျပ် ၅ သိန်းတန် CDMA 800 MHz ဖုန်းများတွင် အင်တာနက်သုံးခြင်း၊ ဖုန်းပြောခြင်း တို့ကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက အချိန်မရွေး ကြားဖြတ်၍ တရားဝင် စစ်ဆေးကာ ဖြတ်တောက် ပိတ်ပင်နိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရရှိသည်။

EVDO-Modem
ကျပ် ၅ သိန်းတန် ဖုန်းဖြင့် အင်တာနက် အသုံးပြုနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - Popular News)
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ဦးတေဇပိုင် E-light tech ကုမ္ပဏီတို့ ပူးပေါင်း ရောင်းချသော ကျပ် ၅ သိန်းတန် ဖုန်းများတွင် အင်တာနက် အသုံးပြုခွင့်ကို ဇန်န၀ါရီလ ၁၈ ရက်နေ့မှစ၍ တရားဝင် ခွင့်ပြုခဲ့ သောကြောင့် ရန်ကုန်တွင် လျှောက်ထားသူ များပြားလျှက် ရှိကြောင်း၊ ထိုသို့ လျှောက်ထား သူတိုင်းကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက အချက် ၁၅ ချက် ပါဝင်သော စည်းကမ်းချက် စာရွက်အား လျှောက်လွှာနှင့် အတူ ပေးအပ်ပြီး လက်မှတ်ရေးထိုး သဘောတူမှသာလျှင် အင်တာနက် အသုံးပြုခွင့် ပေးကြောင်း သိရသည်။

“စည်းကမ်းချက် အမှတ်စဉ် ၉ မှာ ငှားရမ်း အသုံးပြုသူ၏ ၀ါယာလက်စ် အော်တို တယ်လီဖုန်းကို ဌာနအနေနှင့် အချိန်မရွေး ၀င်ရောက် စစ်ဆေးရန် ငှားရမ်း အသုံးပြုသူက သဘောတူညီပါသည် ဆိုတဲ့ အချက်ပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာတဦးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် တယ်လီဖုန်း ဆက်သွယ်မှုကို အချိန်မရွေးဖြတ်တောက် ထားနိုင်ကြောင်း၊ ဆက်သွယ်မှု ပြတ်တောက်ချို့ယွင်းမှုကြောင့် ဖုန်းကိုင်ဆောင်အသုံးပြုသူတွင် ဆုံးရှုံးမှု၊ ပျက်စီးမှု တစုံတရာအတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် တာဝန်မရှိကြောင်း ဆိုသည့် အချက်များလည်း စည်းကမ်းချက်ထဲတွင် ပါဝင်သည်။

စစ်အစိုးရက တယ်လီဖုန်းလိုင်း သိန်းချီချထားပေးခြင်း၊ အင်တာနက်လိုင်းများ တိုးချဲ့ချထားပေးခြင်းများ ပြုလုပ်နေသော်လည်း အသုံးပြုသော အများပြည်သူအတွက် လုံခြုံစိတ်ချရမှု မရှိကြောင်း ပြည်တွင်း ပုဂ္ဂလိကမီဒီယာကြီး တခုမှ အမှုဆောင် အယ်ဒီတာတဦးက ပြောသည်။

“ချမှတ်ထားတဲ့ စည်းကမ်းချက်တွေ အရဆိုရင်တော့ ဘယ်လိုမှ လုံခြုံမှု မရှိဘူးလို့ပဲပြောရမယ်။ တဦးချင်း လွတ်လပ်ခွင့်လည်း ဆုံးရှုံးသလို ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

ကျပ် ၅ သိန်းတန် တယ်လီဖုန်းအသုံးပြုသော ရန်ကုန်မြို့ခံ အများစုမှာ စည်းကမ်းချက်များကို ဂရုတစိုက် ဖတ်ရှုခြင်း မရှိသည့် အတွက် မိမိဖုန်းပြောနေစဉ်နှင့် အင်တာနက်အသုံးပြုစဉ် မြန်မာ့ဆက်သွယ်ရေးက ကြားဖြတ် နားထောင်နိုင်သည် ဆိုသော အချက်ကို သတိမထားမိကြပေ။

ရန်ကုန်မြို့မှ အထက်တန်းရှေ့နေတဦးက စစ်အစိုးရသည် ဒီမိုကရေစီစနစ်ဆီသို့ ကူးပြောင်းပြီဟု ကြွေးကြော်နေသော်လည်း ဒီမိုကရေစီကျင့်စဉ်များကို ကျင့်သုံးခြင်းမရှိဘဲ မျက်ကွယ်ပြုထားသည်ဟု ဆိုသည်။

“ဖုန်းတွေ ကြားဖြတ်နားထောင်တယ်ဆိုတာ သာမန်လုပ်ရိုးလုပ်စဉ်လို့တောင် ပြောလို့ရတယ်။ ဒီထက်ဆိုးတဲ့ ကိစ္စတွေ လုပ်နေတာပဲ။ ဥပမာ-လယ်သိမ်းတယ်၊ မြေသိမ်းတယ်၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းတယ်၊ ကလေးစစ်သားတွေ သုံးတယ်၊ မီဒီယာလွတ်လပ်ခွင့် မပေးဘူး၊ တရားရုံးတွေ၊ ရဲတွေလာဘ်စားတယ်၊ စီးပွားရေးမှာ လက်လှမ်းသင့်ရာ စီးပွားရေးပုံစံနဲ့ လုပ်တယ်၊ ဆွေမျိုးသားသမီး ကောင်းစားရေးလုပ်ကြတယ်၊ ဒီမိုကရေစီ ကျင့်စဉ်နဲ့ မညီတဲ့ လုပ်ရပ်တွေ အများကြီးဖြစ်ခဲ့တယ်။ ဖြစ်နေတုန်းပဲ” ဟု ၎င်းက ဆက်ပြောသည်။

ပြည်တွင်းတွင် လက်ရှိအသုံးပြုနေသော CDMA ဖုန်းဖြင့် အင်တာနက် အသုံးပြုခြင်း စနစ်သည် တရုတ် Huawei ကုမ္ပဏီမှ တင်သွင်းထားသော နည်းပညာနှင့် စက်ပစ္စည်းများကို အသုံးပြုထားခြင်းဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။

မြန်မာနိုင်ငံတွင် ဖုန်းလိုင်းအရေအတွက် ၂ သန်းကျော်ရှိပြီး ကျပ် ၅ သိန်းတန် CDMA 800 MHz ဖုန်း လိုင်း ၂၅၀၀၀၀၊ GSM ဖုန်းလိုင်း ၄၈၅၁၀၀ အပါအ၀င် မိုဘိုင်းလ်ဖုန်း အရေအတွက် ၁၄၃၅၂၅၀ ရှိကြောင်း စစ်အစိုးရက ထုတ်ပြန်ထားသည်။

2011年1月25日火曜日

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မြန်မာနိုင်ငံမှာ ဆိတ်သုဉ်း၊ Article 19 အဖွဲ့ ဝေဖန်

တနင်္လာ, 24 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

မြန်မာနိုင်ငံတွင်းမှာရှိတဲ့ တည်ဆဲဥပဒေတွေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် အတော်များများဟာ လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့်တွေ၊ သတင်းလွတ်လပ်ခွင့်တွေကို ချုပ်ချယ် တားမြစ်ထားတယ်လို့ လန်ဒန်အခြေစိုက် Article 19 လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ဒီလို ဥပဒေမျိုးတွေကြောင့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းလမ်း မကျခဲ့သလို နောက်ပိုင်း မြန်မာ့ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး တိုးတက်မှုတွေ အတွက်လည်း ဒီဥပဒေတွေက အတားအဆီး ဖြစ်နေဦးမယ်လို့ ဝေဖန်ပါတယ်။ Ariticle 19 အဖွဲ့ဟာ ဒီအစီရင်ခံစာကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကို ပေးပို့ပြီး ဒီကိစ္စကို လာမယ့် ဇန်န၀ါရီလ ၂၇ ရက်နေ့ မြန်မာ့လူ့အခွင့်အရေး အခြေအနေ သုံးသပ်စိစစ်မှုမှာ ထည့်သွင်း ဆွေးနွေးပေးဖို့ ပန်ကြားနေပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံ အခြေအနေကို လူ့အခွင့်အရေးကောင်စီ အလုပ်အဖွဲ့ အနေနဲ့ အခု ၂၇ ရက်နေ့ လူ့အခွင့်အရေး သုံးသပ်မှုတွေ လုပ်တဲ့အခါ မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို ကန့်သတ်ပိတ်ဆို့နေတဲ့ ဥပဒေတွေ ဖျက်သိမ်းပေးရေးကိစ္စ ဖိအားပေးကြဖို့ ဒီအစည်းအဝေးကို တက်မယ့် လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်တွေကို Article 19 အဖွဲ့က အခု ဂျီနီဗာမှာ လိုက်လံတွေ့ဆုံ တိုက်တွန်းနေပါတယ်။
မြန်မာနိုင်ငံဟာ လွတ်လပ်စွာ ဖော်ထုတ်ခွင့်တွေ ပိတ်ပင်တဲ့ကိစ္စမှာ ကမ္ဘာ့နိုင်ငံတွေအကြား အဆိုးဆုံးနိုင်ငံ တနိုင်ငံ ဖြစ်နေသလို သတင်းမီဒီယာတွေအပေါ် ကန့်သတ်ချုပ်ချယ်မှု အတင်းကျပ်ဆုံး နိုင်ငံလည်း ဖြစ်နေတယ်လို့ Article 19 အဖွဲ့က ထောက်ပြပါတယ်။ အဓိက အချက်ကတော့ အခုလက်ရှိ ဖွဲ့စည်းပုံပါ အချက်အချို့ဟာ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို ထိထိရောက်ရောက် ပိတ်ပင်ထားသလို ဒီမိုကရေစီနိုင်ငံ ဖြစ်လာရေး အတွက်လည်း အနှောင့်အတား ဖြစ်စေတယ်လို့ Article 19 အဖွဲ့ တာဝန်ရှိသူ တဦးဖြစ်တဲ့ အိုလီဗာ စပန်ဆာ (Oliver Spencer) က ပြောပါတယ်။
“အခုလက်ရှိ ဖွဲ့စည်းပုံပါ ပုဒ်မ ၆၊ ပုဒ်မ ၃၈၂၊ ပုဒ်မ ၂၀(င)၊ ပုဒ်မ ၃၆၄၊ ပုဒ်မ ၂၆၅၊ ဒီပုဒ်မ ၅ ခုဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကို ချိုးဖောက်ထားပါတယ်။”
ဒီအချက်တွေကို အစီရင်ခံစာ ပြုစုပြီးတော့ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်တွေကို လိုက်လံရှင်းပြနေတယ်လို့ အိုလီဗာ စပန်ဆာက ပြောပါတယ်။ ဒီဥပဒေတွေကြောင့်ပဲ ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်း မကျခဲ့ဘူးလို့လည်း သူက ထောက်ပြပါတယ်။
“ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ တရပ်အတွက် လိုအပ်ချက်တွေ၊ နောက် ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို အခြေခံပြီး ထောက်ပြထားပါတယ်။ ဒီဥပဒေတွေ အားလုံးဟာ လွတ်လပ်စွာ ဖော်ထုတ်ရေးသားခွင့်တွေနဲ့ မီဒီယာ လွတ်လပ်ခွင့်တွေကို ကန့်သတ် ထိန်းချုပ်ထားပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ မဖြစ်ခဲ့ပါဘူး။ မီဒီယာတွေရော နိုင်ငံရေးသမားတွေပါ လွတ်လပ်စွာ ပြောဆိုခွင့်တွေ မရခဲ့ပါဘူး။”
အခု Universal Periodic Review (UPR) ဟာ ပထမဆုံး အကြိမ်အဖြစ် မြန်မာ့အရေး ဆွေးနွေးမှာ ဖြစ်ပါတယ်။ NCGUB အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာသောင်းထွန်းကတော့ UPR ဆွေးနွေးပွဲကနေ တစုံတရာ အဖြေမထုတ်နိုင်ပေမဲ့ လာမယ့် လူ့အခွင့်အရေးကောင်စီ ညီလာခံ မြန်မာ့အရေး ဆုံးဖြတ်ချက်အတွက် အဓိက ဖြစ်လာနိုင်တယ်လို့ ယူဆပါတယ်။
“အခုဆိုရင် နိုင်ငံတွေက ကြိုတင်မေးထားတဲ့ မေးခွန်းတွေ ထွက်နေပါပြီ။ ဒါကို နအဖအနေနဲ့ ဖြေကြားရမယ်။ အဲဒီလို ဖြေကြားပြီးတဲ့ နောက်ပိုင်းမှာ ညှိနှိုင်းရေးအဖွဲ့ကနေပြီးတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ သုံးသပ်ချက် မူကြမ်းတစောင်ကို သူတို့ ပြုစုမယ်၊ အကြံပြုချက်တွေလည်း ပါမယ်ပေါ့။ ဒါပေမဲ့ ဒီမူကြမ်းကို ဇွန်လမှာလုပ်မယ့် အစည်းအဝေးကျမှပဲ အတည်ပြုမှာ ဖြစ်ပါတယ်။”
တကယ်တော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရော အရင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ကပါ ဆုံးဖြတ်ချက်တွေ အတန်တန် ချမှတ်ခဲ့ဖူးပေမဲ့ မြန်မာအစိုးရဘက်ကတော့ ဒါတွေအားလုံးကို လျစ်လျူပြုခဲ့ပါတယ်။ Article 19 အဖွဲ့က အိုလီဗာကတော့ မြန်မာ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာဖို့ဆိုရင် အနောက်နိုင်ငံတွေရဲ့ ကြိုးပမ်းချက်တွေထက် ဒေသတွင်း ကြိုးပမ်းချက်တွေက ပိုအရေးကြီးမယ်လို့ ယူဆပါတယ်။
“တကယ်တမ်း အပြောင်းအလဲတွေ လုပ်နိုင်ဖို့ ဆိုရင်တော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ဆက်စပ်နေတဲ့ ဒေသတွင်း နိုင်ငံတကာ အသိုင်းအ၀ိုင်းပဲ ဖြစ်ပါလိမ့်မယ်။ နည်းလမ်း ၃ သွယ် ရှိပါတယ်။ တခုကတော့ အိန္ဒိယနိုင်ငံ အနေနဲ့ မြန်မာနဲ့ ပိုထိစပ်ပြီး လူ့အခွင့်အရေးကိစ္စ ဖိအားပေးဖို့ပါ။ ဒုတိယနည်းကတော့ တရုတ်အနေနဲ့ နိုင်ငံတကာမှာ ဦးဆောင်မှု ပေးနိုင်တဲ့ နိုင်ငံအဖြစ် ရပ်တည်ပြီး မြန်မာနဲ့ မြောက်ကိုရီးယားလို နိုင်ငံတွေကို အကာအကွယ် ပေးတာတွေ ရပ်တန့်ဖို့ပါ။
“တတိယနည်းကတော့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာမယ့် အင်ဒိုနီးရှားနိုင်ငံပါ။ အင်ဒိုနီးရှားအနေနဲ့ သူ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူတဲ့အချိန်မှာ လူ့အခွင့်အရေး ကိစ္စတွေကို ပိုပြီး ဦးစားပေးမယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအရေးဟာ အာဆီယံအတွက် အရှက်ရစေတဲ့ ကိစ္စပါ။”
ဒါပေမဲ့လည်း လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံ ကိုယ်တိုင်က ပြည်တွင်းမှာ ပြဿနာတွေ ရင်ဆိုင်နေရသလို အိန္ဒိယနိုင်ငံကလည်း အာရှနိုင်ငံတွေနဲ့၊ အထူးသဖြင့် မြန်မာနဲ့ သံတမန် ဆက်ဆံရေးပိုင်းမှာ လူ့အခွင့်အရေး ကိစ္စတွေကို သိပ်မပြောလိုတော့ပါဘူး။ အာဆီယံ အသင်းကြီးက မကြာခင်က ပြဋ္ဌာန်းလိုက်တဲ့ အာဆီယံ ပဋိညာဉ်ထဲမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ထည့်သွင်းထားပေမဲ့လည်း အာဆီယံအသင်းဝင် နိုင်ငံအများစုဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကျယ်ကျယ်လောင်လောင် ပြောလေ့မရှိပါဘူး။
ဒါကြောင့်လည်း အခု မြန်မာ့အရေး UPR အစည်းအဝေးအတွက် မေးခွန်းတွေ ထုတ်ထားတဲ့ နိုင်ငံတွေကို ကြည့်ရင် အနောက်နိုင်ငံတွေ အများစု ဖြစ်နေတာ တွေ့ရပြီး မေးမြန်းတဲ့ အာရှနိုင်ငံ အချို့ကလည်း ဖွံ့ဖြိုးရေးဆိုင်ရာ အခွင့်အရေးတွေကိုပဲ အလေးပေး ဆွေးနွေးထားကြပါတယ်။

MAI လေကြောင်း အိမ်နီးချင်း ၃ နိုင်ငံ တိုးချဲ့ပျံသန်းမည်

E-mail Print
မြန်မာနိုင်ငံရှိ ပုဂ္ဂလိက လေကြောင်းလိုင်း တခုဖြစ်သည့် MAI (Myanmar Airways International) သည် အိမ်နီးချင်း ၃ နိုင်ငံနှင့်  လေကြောင်း ခရီးစဉ်များ တိုးချဲ့ပြေးဆွဲတော့မည် ဖြစ်ကြောင်း သိရသည်။

MAI သည် ကမ္ဘောဒီးယား၊ တရုတ် ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နှင့် ချိတ်ဆက်ပြေးဆွဲမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် တိုက် ရိုက် လေကြောင်းပြေးဆွဲရန် သဘောတူညီမှုရရှိခဲ့ပြီး ဖြစ်သော်လည်း လေကြောင်းခရီးစဉ်များကိုမူ သတင်းမထုတ်ပြန်နိုင်သေး ကြောင်း MAI မှ တာဝန်ရှိသူတဦးက ပြောသည်။

၂၀၀၉ ခု အောက်တိုဘာ လကုန်ပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တွင် ဆေးရောင်အသစ် ပြောင်းလဲ ပြင်ဆင်ထားသည့် MAI လေယာဉ် တစီးကို တွေ့ရစဉ် (ဓာတ်ပုံ - W.T. Liew. Ex-Adria)
“ကျနော်တို့ ကမ္ဘောဒီးယားခရီးစဉ်နဲ့ တရုတ်ခရီးစဉ်တွေကိုတော့ ရက်တွေသတ်မှတ်ပြီး စတင်ပြေးဆွဲတော့မှာပါ။ ဘင်္ဂလားဒေ့ရှ် ကို ပြေးဆွဲဖို့တော့ ကျနော်တို့ နောက်မှ သတင်းထုတ်ပြန်မှာပါ”ဟု ၎င်း က ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီ(Dipu Moni) က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် နှစ်နိုင်ငံ တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲရန် သဘောတူညီမှုရရှိခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် Daily Star သတင်းစာက ဖော်ပြထားသည်။

ကမ္ဘောဒီးယားနိုင်ငံ ဆီရမ် ရိ(ပ်) နှင့် တိုက်ရိုက်လေကြောင်းလိုင်းသစ်ကို ဖေဖော်ဝါရီလ၂၃ ရက်နေ့တွင် တပတ်လျှင်၂ ကြိမ် စတင် ပြေးဆွဲတော့မည်ဖြစ်ကြောင်း သိရသည်။

မတ်လ ၃ ရက်နေ့တွင်စတင်ကာ တိုက်ရိုက်လေကြောင်းလိုင်းသစ်အဖြစ် တရုတ်နိုင်ငံ ကန်တုံမြို့ ဂွမ်ဇူး(Guangzhou)နှင့် ချိတ် ဆက် ကာ တပတ်လျှင် ၂ ကြိမ် ပျံသန်းတော့မည်ဖြစ်သည်။

MAI လေကြောင်းလိုင်းမှာ ပြည်ပ တိုက်ရိုက်ခရီးစဉ်များအဖြစ် မလေးရှား၊ ထိုင်း၊ စင်္ကာပူနှင့် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ ပြေးဆွဲလျက် ရှိနေပြီး တဆင့်ခရီးစဉ်များအဖြစ် ဟောင်ကောင်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယနိုင်ငံ နယူးဒေလီသို့ ပြေးဆွဲနေသည်။

MAI ၏ အစုရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ကမ္ဘောဇဘဏ် လီမိတက်မှ လွှဲပြောင်းရယူပြီး Air Kanbawza လေကြောင်းလိုင်း အမည်ဖြင့် ပြေးဆွဲရန် အစီအစဉ်ရှိကြောင်းလည်း ကမ္ဘောဇ စီးပွားရေးလုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ကမ္ဘောဇဘဏ် လီမိတက်မှ အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်းလိုင်း(MAI)ကို လွှဲပြောင်းရယူပြီးနောက် ကမ္ဘောဇမှ ၀န်ထမ်း များ MAI ၀န်ထမ်းများနှင့် ပူးတွဲလုပ်ကိုင်နေကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းနှင့် ပြည်ပလေကြောင်း လိုင်းများကို MAI နှင့် Air Bagan တို့ကပြေးဆွဲနေပြီး Air Mandalay နှင့် Asian Wings တို့မှာ ပြည်တွင်းလေကြောင်းလိုင်းများကို ပြေးဆွဲနေသည်။ 

Air Bagan ပိုင်ရှင် ဦးတေဇ သည် ခရီးသွားလုပ်ငန်း လုပ်ကိုင်သည့် Sun Far Travels & Tours Co., Ltd ကုမ္ပဏီနှင့် ပူးပေါင်း၍  Asian Wings ဟု အမည်ရှိ လေကြောင်းလိုင်းအသစ်ကို ပြီးခဲ့သည့် ၂၀၁၀ အောက်တိုဘာလက ဖွင့်လှစ်ခဲ့သည်။

ပြည်တွင်း ပုဂ္ဂလိက လေကြောင်းလိုင်း တခုဖြစ်သော Yangon Airways သည် လေယာဉ်ပျံသန်းခွင့် မရသဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာ လ ၃ ရက်နေ့ မှ စတင်ကာ ရပ်နားခဲ့ရသည်။

ပြည်ပ လေကြောင်းလိုင်းများဖြစ်သည့် Air Asia, Air China, Bangkok Airway,Thai Airway တို့သည်လည်း မြန်မာနိုင်ငံသို့ ပြေး ဆွဲလျက်ရှိသည်။
0 comments

အိန္ဒြာကျော်ဇင် မင်္ဂလာပွဲကြောင့် အကယ်ဒမီနှင့်လွဲသည်ဟု သတင်းထွက်ပေါ်

E-mail Print
၂၀၀၉ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲတွင် အမျိုးသမီး သရုပ်ဆောင်ဆု ရမည်ဟု ခန့်မှန်းထားသည့် အိန္ဒြာကျော်ဇင် မရခဲ့ခြင်းမှာ ခြိမ့်ခြိမ့် သည်းသည်း ဆင်နွှဲခဲ့သည့် ၎င်း၏ မင်္ဂလာပွဲကြောင့်ဟု အနုပညာအသိုင်းအ၀န်းတွင် ပြောဆိုနေကြသည်။

အကယ်ဒမီပွဲ မကျင်းပမီက အိန္ဒြာကျော်ဇင်ကို “မာမီရှိန်း” ဇာတ်ကား “အတိတ်ရဲ့အရိပ်” ဇာတ်ကား များဖြင့် အမျိုးသမီး ဇာတ်ဆောင်ဆု ရနိုင်သည်ဟု အနုပညာအသိုင်းအ၀န်းတွင် ပြောဆို နေခဲ့သည်။

Academy-Award-for-2009
အမျိုးသမီး တဦးသာပါသည့် ၂၀၀၉ အကယ်ဒမီ ထူးချွန်ဆု ရသူများ (ဓာတ်ပုံ - ဧရာဝတီ)
“အာဏာပိုင်တွေက စပွန်ဆာ အားကိုးနဲ့ ၆ ခါလောက် လုပ်သွားတဲ့ အိန္ဒြာကျော်ဇင့် မင်္ဂလာပွဲကို တော်တော် မျက်စိ စပါးမွေး စူးနေတာ။ ဗိုလ်ချုပ်မှူးကြီးရဲ့ သမီး မင်္ဂလာဆောင်နဲ့ အပြိုင်လို ခမ်းခမ်းနားနားကြီး လုပ်သွားတော့ မကျေနပ်တာလည်း ပါတယ်။ နိုင်ငံ့ခေါင်းဆောင် သမီးရဲ့ မင်္ဂလာပွဲနဲ့ ယှဉ်လိုက်သလို ဖြစ်သွားတာ။ ဒါကြောင့်လည်း အူဝဲ (အိန္ဒြာကျော်ဇင်) ကို မပေးတာလို့ ကြားတယ်” ဟု ရုပ်ရှင်အစည်းအရုံးနှင့် နီးစပ်သူတဦးက ဆိုသည်။

၂၀၀၆ ခုနှစ် ဇူလိုင်လက ကျင်းပခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမီး မသန္တာရွှေ၏ ခမ်းနားထည်ဝါလှသော မင်္ဂလာဧည့်ခံပွဲ မှတ်တမ်းမှာ You Tube ရုပ်မြင်သံကြား အင်တာနက် စာမျက်နှာမှ စတင် ပျံ့နှံ့ခဲ့သည်။

“စိန်စီသောည” ဟု အမည်ပေးထားသည့် အဆိုပါ မှတ်တမ်း ရုပ်ရှင်ထဲတွင် သတို့သမီး မသန္တာရွှေက စိန်ရတနာများကို ကိုယ်လုံးညွတ်မျှ ၀တ်ဆင်ခဲ့သည်။ ၎င်း၏ မင်္ဂလာပွဲ ပြောစမှတ်ပြုပြီးနောက်တွင် မင်းသမီး အိန္ဒြာကျော်ဇင်၏ မင်္ဂလာပွဲက အခမ်းနားဆုံးဖြစ်သည်ဟု အများက ပြောဆိုနေကြသည်။

ဇန်န၀ါရီလ ၂၂ ရက်နေ့ နေပြည်တော်မြို့တော်ခန်းမရှိ လေဟာပြင် ကဇာတ်ရုံ၌ ကျင်းပခဲ့သော ၂၀၀၉ ခုနှစ် ရုပ်ရှင်ထူးချွန် ဆုပေးပွဲတွင် ဆု ၉ ဆု ပေးခဲ့ပြီး အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု မပါဝင်ခဲ့ပေ။

အမျိုးသမီးဇာတ်ဆောင်ဆု ချီးမြှင့်ခြင်း မရှိသည်မှာ ၂၀၀၇ ခုနှစ် အပါအဝင် ၂ နှစ်ရှိပြီ ဖြစ်သည်။ ထိုနှစ်က အမျိုးသမီးဆုများ တဆုမှ ချီးမြှင့်ခြင်း မရှိပေ။

“ရိုက်ထားတဲ့ ကားတွေ ဒီလောက် အများကြီးထဲမှာ အာဏာပိုင်တွေ သတ်မှတ်ထားတဲ့ အရည်အချင်းမျိုး မီတဲ့ အမျိုးသမီး သရုပ်ဆောင် မရှိလောက်ဘူးလို့ ထင်တယ်။ မစိုး (စိုးမြတ်သူဇာ) ဆိုလည်း “ကျောက်စက်ရေ” ကားထဲမှာ သရုပ်ဆောင် ထားတာ ကောင်းပါတယ်။ အူဝဲ (အိန္ဒြာကျော်ဇင်) ဆိုလည်း မဆိုးဘူး၊ ပေးမယ်ဆို ပေးလို့ရတဲ့ အခြေအနေမှာရှိတယ်။ သရုပ်ဆောင် ထားတာ စုတ်ပြတ်သတ်နေလည်း သူတို့ပေးချင်ပေးတာပဲ။ ဘယ်လောက် ပီပြင်နေလည်း သူတို့ မပေးချင် မပေးဘဲ နေတာပဲ” ဟု ဝါရင့်ဒါရိုက်တာတဦးက ဧရာဝတီကို ပြောသည်။

၂၀၀၉ ခုနှစ်တွင် ရုံတင်သည့် ဇာတ်ကား စုစုပေါင်း ၁၆ ကားရှိသည့် အနက် အကောင်းဆုံး ဇာတ်ကားဆုကို “ကြိုးကြာတောင်ပံခတ်သံ” ဇာတ်ကားက ရရှိခဲ့သည်။

အဆိုပါ ဇာတ်ကားဆုကို ဒါရိုက်တာ စင်ရော် မောင်မောင်၏ စင်ရော်ရုပ်ရှင်ထုတ်လုပ်ရေးမှ ရရှိခြင်းဖြစ်ပြီး ဒါရိုက်တာ စင်ရော်မောင်မောင်သည် ပေါ်လစီ ဇာတ်ကားများ ရိုက်ကူးပေးခြင်းဖြင့် အာဏာပိုင်များ ကျေနပ် နှစ်သက်စေရန် ပြုမူလေ့ရှိသောကြောင့် ချီးမြှင့်ခံရခြင်းဖြစ်သည်ဟု သတင်းအယ်ဒီတာ တဦးက ဆိုသည်။

အမျိုးသား ဇာတ်ဆောင်ဆု အဖြစ် “မိုးည အိမ်မက်မြူ” ဇာတ်ကားတွင် နှစ်ကိုယ်ခွဲ သရုပ်ဆောင်ခဲ့သည့် မင်းသား နေတိုးနှင့် အမျိုးသမီး ဇာတ်ပို့ ဆုအဖြစ် ယင်းဇာတ်ကားတွင်ပင် စိုးပြည့်သဇင်တို့ ရရှိသွားသည်။

အကယ်ဒမီဆုရှင် နေတိုးက “အမျိုးသမီး ဇာတ်ဆောင်ဆုရော၊ အမျိုးသမီး ဇာတ်ပို့ ဆုရော မပေးခဲ့တဲ့ နှစ် ရှိခဲ့တော့ ဒီနှစ်က ကံကောင်းတယ် လို့တောင်ပြောရမယ်။ ကိုယ့် အနုပညာမောင်နှမတွေ မရတဲ့အတွက် ပြည့်ပြည့်၀၀ ၀မ်းသာမှုတော့ မဖြစ် ဘူးပေါ့။ ဆုရမယ်လို့ မှန်းထားတဲ့ မင်းသမီးတွေအနေနဲ့ တကယ် လက်တွေ့ မရတဲ့အချိန်မှာ ကြိုးစားချင်စိတ် လျော့သွား နိုင်တယ်။ အကယ်ဒမီ ဆုဆိုတာလည်း ကြိုးစားမှုအပြင် ကံတရားနဲ့ အများကြီး ဆိုင်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

၎င်းကပင် မိုးညအိပ်မက်မြူဇာတ်ကားဖြင့် ဆုရရန် အစကတည်းက မျှော်လင့်ခဲ့ပြီး ကြိုးစားထားကြောင်း၊ ယခု အမှန်တကယ် ဆု ချီးမြှင့်ခံရသည့်အတွက် ၀မ်းသာ ကျေနပ်ကြောင်း၊ ထိုက်ထိုက် တန်တန် ရသည့် ဆု ဟု မြင်ကြောင်း ပြောသည်။

၂၀၀၉ ခုနှစ် ရုံတင်ပြသခဲ့သည့် ရုပ်ရှင် ၁၆ ကားထဲတွင် ဟာသဦးစားပေး ရုပ်ရှင်ဇာတ်ကား ၁၀ ကားပါဝင်သည်။
၂၀၀၈ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးစဉ်က ဟာသဇာတ်ကားဖြစ်သော “အကယ်ဒမီရှော့ခ်” ဖြင့် သရုပ်ဆောင် ရဲအောင် ဆုရရှိခဲ့ခြင်းကြောင့် ဟာသဇာတ်ကား များကိုလည်း အကယ်ဒမီဆုချီးမြှင့်နိုင်သည်ဟု ယူဆကာ ဟာသဇာတ်ကား ရိုက်ကူးမှု ပိုများလာခြင်းဖြစ်သည်ဟု နာမည်ကြီး ဒါရိုက်တာ တဦးက ပြောသည်။

“အခုက အကယ်ဒမီ ဆိုတာ ဘယ်လိုစံနှုန်းနဲ့ သတ်မှတ်ပြီး ပေးနေမှန်းကို မသိတော့တာ။ အမျိုးသမီး ဇာတ်ဆောင်ဆု မပေး တာ အမျိုးသမီး သရုပ်ဆောင်တွေ ညံ့လာလို့ လို့ ပြောရမလိုဖြစ် နေပြီ” ဟု သရုပ်ဆောင် အကယ်ဒမီ ကျော်သူက ဆိုသည်။

၂၀၀၉ ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက မိန့်ခွန်းပြောကြားခဲ့ရာ အနာဂတ်တွင် ပြည် ထောင်စု စိတ်ဓာတ်နှင့် တို့တာဝန် အရေး ၃ ပါးကို ဦးထိပ်ထားပြီး အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မည့် မီဒီယာသမားကောင်းများပီပီ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးတွင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ကြရန် ထည့်သွင်းပြောကြားခဲ့သည်။

၎င်းက မိန့်ခွန်းတွင် “ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့ ရုပ်ရှင်ကားများ ရိုက်ကူးရာတွင် နိုင်ငံတကာအဆင့်မီ ရိုက်ကူးနိုင်စေ ရေးအတွက် နောက်ဆုံးပေါ် ရုပ်ရှင်ရိုက်ကင်မရာနှင့် ဖလင်ဆေးစက်၊ စတီရီယို အသံကူးပြောင်းစက်၊ အရောင်ခွဲစက်၊ ရုပ်ရှင်ဖလင်ကား ကူးစက်တို့ကို ၀ယ်ယူတပ်ဆင်ပေးခဲ့ပြီး ခေတ်မီ မီးပိုင်းဆိုင်ရာနှင့် အသံပိုင်းဆိုင်ရာ ပစ္စည်းများကိုလည်း ညှိနှိုင်း ၀ယ်ယူလျက်ရှိရာ မကြာမီအသုံးပြုနိုင်တော့မည်” ဟု ပြောခဲ့သည်။

ဝန်ကြီးဦးကျော်ဆန်းက မြန်မာ့ရုပ်ရှင်ကို နိုင်ငံတကာအဆင့်မီဖြစ်စေရန် စက်ပစ္စည်းများ ပံ့ပိုးပေးမည်ဟု ပြောနေသော်လည်း ရိုက်ကူးနေသည့် ရုပ်ရှင်ကားတချို့ကို အိမ်နီးချင်း ပြည်ပနိုင်ငံတွင် အသံကူးယူမှုများ ပြုလုပ်နေရဆဲဖြစ်ကြောင်း ရုပ်ရှင် အသိုင်းအဝန်းက ပြောဆိုနေကြသည်။

၂၀၀၉ ခုနှစ် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု ချီးမြင့်ပွဲတွင် ဇာတ်ကားဆု “ကြိုးကြာတောင်ပံခတ်သံ” ဇာတ်ကားဖြင့် စင်ရော် ရုပ်ရှင် ထုတ်လုပ်ရေး၊ ဒါရိုက်တာဆုကို မီးပွားက “ဇော်ကကနေသည်” ဇာတ်ကားဖြင့်၊ အမျိုးသားဇာတ်ဆောင်ဆုကို နေတိုးက “မိုးညအိမ်မက်မြူ” ဇာတ်ကားဖြင့်၊ အမျိုးသမီးဇာတ်ပို့ဆုကို စိုးပြည့်သဇင်က “မိုးညအိမ်မက်မြူ” ဇာတ်ကားဖြင့်၊ ဇာတ်ညွှန်း ဆုကို စာရေးဆရာ မြင့်ဦးဦးမြင့်က “ကြိုးကြာတောင်ပံခတ်သံ” ဇာတ်ကားဖြင့်၊ တည်းဖြတ်ဆုကို ဇော်မင်း (ဟံသာမြေ) က “ကျောက်စက်ရေ” ဇာတ်ကားဖြင့်၊ ဓာတ်ပုံဆုကို ကိုကိုဌေးနှင့်အဖွဲ့က “အတိတ်ရဲ့အရိပ်” ဇာတ်ကားဖြင့်၊ အသံဆုကို ဆန်းဦးနှင့်အဖွဲ့က “အတိတ်ရဲ့အရိပ်” ဇာတ်ကားဖြင့်၊ တေးဂီတဆုကို ဓီရာမိုရ်က “ဇော်ကကနေသည်” ဇာတ်ကားဖြင့် အသီးသီး ရရှိခဲ့ကြသည်။

အကယ်ဒမီပေးပွဲသို့ သွားရောက်၍ သတင်းနှင့်ဓာတ်ပုံ ရယူမည့် ပြည်တွင်း သတင်းဂျာနယ် တိုက်များကို တနှစ်ထက် တနှစ် ကန့်သတ်မှုများ ပိုမို ပြုလုပ်သည်ဟု မီဒီယာအသိုင်းအ၀န်းက ပြောဆိုနေကြသည်။ ယခုနှစ်တွင် အကယ်ဒမီပွဲတက်မည့် ရုပ်ရှင် လောကသားများကိုပါ တင်းကျပ်မှုများ ရှိသည်။

စစ်တပ်မှားယွင်းပစ်ခတ်သဖြင့် တပ်သား ၆ ဦး ဒဏ်ရာရ

E-mail Print
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ကို စစ်အစိုးရက ယနေ့နံနက်၌ လက်နက်ကြီးများဖြင့် တိုက်ခိုက်စဉ် လက်နက်ကြီးများ နေရာမှားယွင်း ကျရောက် ပေါက်ကွဲသဖြင့် စစ်အစိုးရ တပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်သည့် DKBA တပ်မဟာ ၅ ၏ စစ်ဆင်ရေးမှူးဖြစ်သူ ဗိုလ်မှူးစောဆန်းအောင်က စစ်အစိုးရ တပ်များသည် ၁၂၀ မမ အမြောက်များကို ၂၀၁၀ နိုဝင်ဘာ ၇ ရက် နောက်ပိုင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားစဉ် ကတည်းကပင် စတင်အသုံးပြုခဲ့သည်ဟု ပြောသည်။

“ဒီနေ့မနက် ကိုးနာရီလောက်မှာပဲ နအဖ စခန်းထဲကို လက်နက်ကြီးကျတာ မှန်ဘီလူးနဲ့ ကျနော်တို့မြင်ရတယ်။ ကျည် ကျတဲ့ နေရာမှာ စစ်သားတွေ ၅ ယောက်၊ ၆ ယောက်လောက် လဲကျသွားတယ်။ နောက်ပိုင်း ဆက်သွယ်ရေး စက်ကနေလာတဲ့ သတင်းတွေအရ စစ်သားတယောက်သေတယ်။ ဗိုလ်အဆင့် အရာရှိတယောက်နဲ့ စစ်သား ၄ ယောက်လောက် ဒဏ်ရာရတယ်လို့ သိရတယ်” ဟု ဗိုလ်မှူးစောဆန်းအောင်က ဆိုသည်။

စစ်အစိုးရတပ်များအနေဖြင့် DKBA တပ်များကို တိုက်ခိုက်ရာတွင် ၁၂၀ မမ ကဲ့သို့ အမြောက်ကြီးများ သုံးရန်မလိုကြောင်း၊ ယင်းလက်နက်ကြီးများသည် ပြည်တွင်းစစ်ပွဲများအတွက်မဟုတ်ဘဲ ပြည်ပစစ်ပွဲများအတွက်သာ ဖြစ်ကြောင်း၊ DKBA တပ်များသည်လည်း မြန်မာနိုင်ငံတွင်းမှ တိုင်းရင်းသားများသာ ဖြစ်သောကြောင့် တိုင်းရင်းသားများအပေါ် လက်နက် ကြီးများသုံး၍ တိုက်ခိုက်နေခြင်းကိုလည်း ဝမ်းနည်းမိကြောင်း သူက ဆိုသည်။

စစ်ရေး လေ့လာသူများက လက်ရှိ စစ်အစိုးရတပ်များတွင် အသုံးပြုနေသည့် ၁၂၀ မမ အမြောက်များသည် ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ စက်ရုံများမှ ထုတ်လုပ်ခြင်းဖြစ်ပြီး ယင်း လက်နက်များကို ပစ်ခတ်ရန် အလွန်တိကျသည့် တိုင်းထွာမှုများ လိုအပ်ကြောင်း၊ သို့မဟုတ်ပါက ပစ်မှတ်သို့ မထိဘဲ အခြားနေရာများ၌သာ ပေါက်ကွဲမည် ဖြစ်ကြောင်း ပြောဆိုသည်။

ရုရှားနိုင်ငံ၌ ပညာသင်ကြားနေသည့် အမည်မဖော်လိုသူ အရာရှိတဦးက “စစ်တက္ကသိုလ် အပတ်စဉ် ၄၅ က ဗိုလ်လောင်း တွေလည်း အခုလိုမျိုးအဖြစ်အပျက်ကြုံဖူးတယ်။ ကျောင်းဆင်းခါနီး အောင်စစ်သည် တိုက်စစ်မှာ လက်နက်ကြီး နေရာမှား ကျလို့ နည်းပြ အရာရှိတယောက် ဆုံးပြီး ဗိုလ်လောင်းတွေ ဒဏ်ရာရခဲ့တယ်” ဟု ဆိုသည်။

DKBA တပ်မဟာ ၅ ၏ စစ်ဆင်ရေးမှူးဖြစ်သူက စစ်အစိုးရ တပ်များအနေဖြင့် အကျဉ်းသားများကို လူသားမိုင်းရှင်းကိရိယာ အဖြစ်အသုံးပြုနေခြင်းကိုလည်း အပြင်းအထန်ကန့်ကွက်သည်ဟု ပြောဆိုသည်။

စစ်အစိုးရနှင့် DKBA တပ်များ၏ တိုက်ပွဲများ အတွက် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ လကုန်ပိုင်းမှစတင်ကာ မြန်မာနိုင်ငံတဝန်းရှိ အကျဉ်းထောင်များမှ အကျဉ်းသားများကို ရှေ့တန်းသို့ ပို့ဆောင်ပြီး လက်နက်ခဲယမ်းများနှင့် တခြား ပစ္စည်းများ ထမ်းပိုး ရာတွင်လည်းကောင်း၊ မိုင်းကွင်းများရှိလျှင် လူသားမိုင်းရှင်းကိရိယာများအဖြစ် လည်းကောင်း အသုံးပြုကြသည်ဟု သိရသည်။

အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် နီးစပ်သူတဦးကမူ စစ်အစိုးရတပ်များသာမက DKBA တပ်များကလည်း ၈၀ မမ စိန်ပြောင်းကဲ့သို့သော လက်နက်များဖြင့် ပြန်လည်ပစ်ခတ်သည်ဟု ပြောဆိုသည်။

ဗိုလ်မှူးစောဆန်းအောင်က “ကျနော်တို့ မော်တာတွေ အသုံးပြုပြီး ပြန်လည်တိုက်ခိုက်ခဲ့တယ် ဆိုတာကိုတော့ ငြင်းစရာ မရှိပါဘူး၊ ဒါပေမယ့် နအဖ စစ်သားတွေလို ကျနော်တို့က ပေါ်တာမသုံးဘူး၊ အဲဒါကြောင့် လက်နက်ကြီး ကျည်တွေကို အများကြီး မသယ်နိုင်ဘူး။ နအဖ တပ်တွေလို လက်နက်ကြီးနဲ့ ခဏ ခဏ မပစ်နိုင်ဘူး” ဟု ဆိုသည်။

ယမန်နေ့ကလည်း စစ်အစိုးရတပ်များနှင့် DKBA တပ်များအကြား နှစ်ဘက် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး DKBA မှ အထိအခိုက် မရှိကြောင်း၊ စစ်အစိုးရဘက်မှ ထိခိုက်မှုများကို အတည်မပြုနိုင်သေးကြောင်း DKBA အရာရှိတဦးက ပြောသည်။

စစ်အစိုးရဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ထိုင်းနိုင်ငံဘက်သို့ ယခုလ ၉ ရက်နေ့က ကျရောက် ပေါက်ကွဲခဲ့ရာ ၁၁ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက ထိုင်းမြန်မာ နယ်စပ်ကော်မတီမှတဆင့် စစ်အစိုးရထံသို့ ကန့်ကွက် စာတစောင် ရေးသားပေးပို့ခဲ့သည်။

နေပြည်တော်အမြန် လမ်းမကြီးပေါ် ယာဉ်တိမ်းမှောက်၊ ဂျပန်တဦးသေဆုံး

E-mail Print
ရန်ကုန်- နေပြည်တော် အမြန်လမ်းမကြီးတွင် ဇန်န၀ါရီလ ၂၂ ရက်နေ့ည ၁၁ နာရီခန့်က ယာဉ်တိမ်းမှောက်မှုတခု  ဖြစ်ပွားခဲ့ပြီး ဂျပန်လူမျိုး တဦးနှင့် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ အရာရှိ တဦးတို့ သေဆုံးသွားကြောင်း သတင်း ရရှိသည်။

Yangon_Nay-Pyi-Daw
ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းမ တနေရာ။ (ဓာတ်ပုံ - Popular News)
တိမ်းမှောက်သွားခဲ့သည့် ယာဉ်ပေါ်တွင်  ဂျပန် ၂ ဦးနှင့် မြန်မာနိုင်ငံသား ၃ ဦး၊ စုစုပေါင်း ၅ ဦး စီးနင်းလိုက်ပါလာပြီး ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသည့် လမ်းတွင် ဖြစ်ပွားခဲ့သည်ဟု ဂျပန်တိုင်းမ်စ် သတင်းစာတွင် ဖော်ပြထားသည်။

“သေတဲ့သူက မစ္စတာ ဆာဂီဂါဝါတဲ့။ အသက် ၅၀ လောက်ရှိတဲ့ သွားဆရာဝန် တယောက်ပါ။ သူက ပွဲချင်းပြီးပဲ ဆုံးသွားတယ်။ သူနဲ့ အတူစီးလာတဲ့အထဲက မြန်မာ အရာရှိတယောက်လည်း ဆုံးသွားတယ်လို့ သိရတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံရုံးမှ အရာရှိတဦးက ပြောသည်။ 

သေဆုံးသူ ဂျပန် ဆရာဝန်က ကားကိုမောင်းချင်သည် ဆိုသောကြောင့် ပေးမောင်းရာမှ ယခုကဲ့သို့ တိမ်းမှောက်မှု ဖြစ်သွားခဲ့ရကြောင်း၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန အရာရှိတဦးလည်း သေဆုံးသွားကြောင်း မြန်မာ့မီးရထား ၀န်ကြီးဌာနနှင့် နီးစပ်သူတဦးက ပြောသည်။

အဆိုပါ ဂျပန် ဆရာဝန်သည် မြန်မာ့ မီးရထား ၀န်ကြီးဌာနမှ အရာရှိများနှင့် ရင်းနှီးသူဖြစ်ကြောင်း သိရသည်။

ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးသည် စတင်ဖွင့်လှစ်ခဲ့ချိန်မှစ၍ တနှစ်ကျော် ကာလအတွင်း ယာဉ်မတော်တဆမှု ဖြစ်ရပ်ပေါင်း ၁၀၀ ကျော် ရှိခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ စာရင်းတွင် ဖော်ပြထားသည်။

ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးကို ၂၀၀၉ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သော်လည်း ယင်းမတိုင်မီ ကပင် စမ်းသပ်မောင်းနှင်သည့် အနေဖြင့် ကိုယ်ပိုင်ယာဉ်များနှင့် ယာဉ်တချို့ကို ဖြတ်သန်း မောင်းနှင်ခွင့် ပြုခဲ့သည်။

“ကွန်ကရစ်လမ်းနဲ့ ကတ္တရာလမ်းက မတူဘူး။ မောင်းတဲ့ နေရာမှာ သတိထားရမယ့်အချက်တွေ အများကြီးရှိတယ်။     မောင်းနေတဲ့ မိုင်နှုန်းနဲ့ အကွေ့တွေမှာ ကတ္တရာလမ်းလို သွားမောင်းရင် အကုန်မှောက်ကုန်နိုင်တယ်။ ကတ္တရာ လမ်းက ဘယ်လောက် မိုင်နှုန်းမြင့်မြင့် ကတ္တရာက ကားဘီးကို စုတ်ထား ဆွဲထားတဲ့ သဘောရှိတယ်။ ကွန်ကရစ် လမ်းကတော့ ဆန့်ကျင်ဘက်ပဲ မိုင်နှုန်းမြင့်တဲ့အချိန်မှာ ဘီးကို မဆွဲထားဘဲ ချော်ထွက်သွားစေတယ်” ဟု မီးရထားဝန်ကြီးဌာန ဆောက်လုပ်ရေး အင်ဂျင်နီယာ တဦးက ပြောသည်။

၂၀၁၀ မေလ ၁၉ ရက်နေ့ ကလည်း  နေပြည်တော် အမြန်လမ်းမကြီးတွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုကြောင့် ရန်ကုန်မြို့ တော်ဝန် ဦးအောင်သိန်းလင်း၏ မြေး သေဆုံးခဲ့သည်။

၂၀၀၉ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့မှ ၂၀၁၀ ပြည့်နှစ် မေလ ၆ ရက်နေ့အထိ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု ဖြစ်ရပ်ပေါင်း ၁၃၀ ရှိခဲ့သည်ဟု သိရပြီး သေဆုံးသူ ၅၇ ဦးနှင့် ဒဏ်ရာရရှိခဲ့သူ ၂၀၄ ဦးအထိရှိခဲ့သည်။

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတွင် ရန်ကုန်-နေပြည်တော် လမ်းပိုင်းနှင့် နေပြည်တော်- မန္တလေး လမ်းပိုင်း ဟူ၍ လမ်းပိုင်း နှစ်ပိုင်းပါဝင်ကာ စုစုပေါင်း ၃၆၅ မိုင် ၆ ဖာလုံ ရှည်လျားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လှုတ်ရှားမှုမှတ်တမ်းများ (RFA)မှ

ချင်းပြည်နယ်မှာ NLD ဆန်လှူ၊ ရှမ်းပြည်မှာ ရှေ့နေကွန်ယက်ဖွဲ့ RFA 2011-01-23

ချင်းပြည်နယ်တောင်ပိုင်းက စားနပ်ရိက္ခာရှားပါးတဲ့ ကျေးရွာတွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အစီအစဉ်နဲ့ ဆန်တွေ သွားရောက်ကူညီမယ့် အဖွဲ့တဖွဲ့ ဟာ ဒီကနေ့ ကန်ပက်လက်မြို့ကို ဆန်ကားတစီးနဲ့ အတူ ရောက်ရှိသွားပြီလို့ သိရပါတယ်။ မနက်ဖြန် နောက်ထပ်ဆန်ကားတစီး ရောက်ရှိမှာဖြစ်ပြီး ဆန်တွေကို စတင်ဝေပေးမယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။  “ဒီနေ့ တနင်္ဂနွေနေ့ မနက်မှာ ဆန်ကားတစီး ရောက်သွားပြီ။ နောက်တစီးက လမ်းမှာ စက်နည်းနည်း ချွတ်ယွင်းနေလို့ မနက်ဖြန်မနက်မှာ ရောက်မယ်ပြောတယ်။ သူတို့နဲ့ အဆက်အသွယ်ရပြီး သူတို့ဆီ တက်သွားပြီ။ ဝေမယ့်အိပ်တွေရဲ့ တဝက်နီးပါး အိတ် ၇ ရာကို ကန်ပက်လက် မြို့နယ် ဥက္ကဌ ဦးစံခင်ရဲ့အိမ်မှာ သေသေချာချာ သိမ်းဆည်းထားတယ်။ ဆန်အိတ်ပေါင်း ၁၂၅ဝ ဖြန့်ဝေဖို့ရှိတယ်။ အားလုံး ပေါင်း ကျပ် သိန်း ၂ ရာကျော်ဖိုး။ အဲဒါ မနက်ဖြန် စတင် ဝေခြမ်းနိုင်ဖို့အတွက် သူတို့ စတင်လုပ်နေတယ်။ မနက်ဖြန် စပြီး လိုအပ်တဲ့ရွာတွေကိုဝေမယ်”
အဲဒီ အကူအညီပေးရေး အဖွဲ့နဲ့အတူ NLD က ကဗျာဆရာ ဖျာပုံနီလုံဦး၊ ချင်းပြည်နယ် စည်းရုံးရေးအဖွဲ့ဝင် ပူးဇော်ဘွဲ့နဲ့ လူငယ်တချို့နဲ့ အတူ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဒေါက်တာစောနိုင်လည်း လိုက်ပါသွားပါတယ်။
အလားတူ ချင်းပြည်နယ် ထန်တလန်မြို့နယ်က စားနပ်ရိက္ခာ ရှားပါးတဲ့ အိန္ဒိယနယ်စပ်အနီးက ကျေးရွာတွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အစီအစဉ်နဲ့ ဆန်အကူအညီ ပေးဖို့အတွက် တခြားအဖွဲ့တဖွဲ့လည်း ရန်ကုန်မြို့ကနေ အဲဒီဒေသကို ဒီကနေ့ထွက်ခွာသွားပြီလို့သိရပါတယ်။
အဲဒီအဖွဲ့မှာ NLD ချင်းပြည်နယ် ဥက္ကဌ ပူးဗာလီယန်း နဲ့အတူ့ ဒီမိုကရက်ပါတီ- မြန်မာ က ဦးနေဖူးဘဆွေ၊ ဇိုမီး အမျိုးသားကွန်ဂရက်အဖွဲ့က ကိုတင်ဇာထန်တို့ ပါဝင်တယ်လို့သိရပါတယ်။ ဒီအတောအတွင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တွေနဲ့ အကျဉ်းသားတွေကို ကူညီနိုင်ဖို့ အတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ NLD ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ဥပဒေအကြံပေး ဦးအောင်သိန်းနဲ့ ဦးသိန်းဟန်တို့ ဒီကနေ့ တောင်ကြီးမြို့ကို ရောက်ရှိနေပြီး ဥပဒေရေးရာအရ ကူညီ ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဒေသခံရှေ့နေတွေနဲ့ ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
တောင်ကြီးမြို့က NLD အဖွဲ့ဝင် ရှေ့နေတွေ အပြင် တခြား ရှေ့နေတွေနဲ့ပါ တွေ့ဆုံပြီး ဥပဒေရေးရာတွေ၊ ကွန်ယက်ဖွဲ့ရေး တွေ ဆွေးနွေးခဲ့ကြကြောင်း ဦးအောင်သိန်းက RFA ကို ပြောပါတယ်။ NLD ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့က မြန်မာပြည် အနှံ့အပြားမှာ ရှိတဲ့ စေတနာ့ဝန်ထမ်း ရှေ့နေတွေကို တွေ့ဆုံဆွေးနွေး နေရာမှာ ပြီးခဲ့တဲ့ လဆန်းပိုင်းကလည်း မန္တလေး၊ မကွေးနဲ့ စစ်ကိုင်းတိုင်းတွေကို သွားရောက်ခဲ့ပြီး ဒေသခံရှေ့နေတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့ တိုက်တွန်းတောင်းဆိုသည့် ဆန္ဒပြပွဲ အခမ်းအနား ဓါတ်ပုံနှင့်ရုပ်သံမှတ်တမ်းသတင်း။



၂၀၁၁ ခုနှစ် ဇန္န၀ါရီလ(၂၄)ရက်။



နအဖ စစ်အုပ်စုမှ ဇန်နဝါရီလ(၃၁)ရက်နေ့တွင် ကျင်းပမည့် အတုအယောင် ပါလီမန် လွှတ်တော်နှင့် အဆိုပါ လွတ်တော်မှတဆင့် ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရအပေါ်ကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လုံးဝ အသိအမှတ် မပြုကြောင်း နှင့် ဂျပန်နိုင်ငံ အစိုးရနှင့်တကွ အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းက လက်ခံ အသိအမှတ်ပြုခြင်း မပြုလုပ်ရန် အတွက် တိုက်တွန်း တောင်းဆိုသည့် ဆန္ဒပြလှုပ်ရှားမှုကို တိုကျို KASUMI KASEKI အရပ်ရှိ ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့တွင် မြန်မာနိုင်ငံ ဒီမိုကရစီကွန်ယက်(ဂျပန်)NDB-Japan မှ ဦးစီး၍ ကျင်းပပြုလုပ်ခဲ့ပါသည်။


စစ်အစိုးရအား မတရား ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများအားလုံး ချက်ချင်းလွှတ်ပေးပြီး အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလျှက် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ မဆိုင်းမတွ လုပ်ဆောင်ရန် ဂျပန်နိုင်ငံ အနေနဲ့ မြန်မာစစ်အစိုးရကို ထိရောက်တဲ့ တိုက်တွန်း ပြောဆိုမှုတွေ လုပ်ပေးဖို့ နိုင်ငံခြားရေး ၀န်ကြီးရုံးရှေ့တွင် ဂျပန်ဘာသာဖြင့် ကြွေးကြော် တောင်းဆို သွားခဲ့ကြပါသည်။


ဆန္ဒပြပွဲကို ၂၄ ရက်၊ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး မနက်ဖြန် ၂၅ ရက်နေ့တွင် ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူများနှင့် သွားရောက် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက် (ဂျပန်)၏ ရပ်တည်ချက် သဘောထား တောင်းဆို စာတစောင်ကို ပေးအပ် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


ယနေ့ ဆန္ဒပြပွဲကို ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ ကျင်းပ ပြုလုပ်သွားပြီ ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီ အင်အား ၁၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ကြပါသည်။


သတင်းမှတ်တမ်း။ Mai Kyaw Oo

ဓါတ်ပုံနှင့်ရုပ်သံမှတ်တမ်း ။ သတင်းနှင့်ပြန်ကြားရေးဌာန(NLD(LA)JB) .

2011年1月22日土曜日

ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲ(တိုကျို)

ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲ(တိုကျို)

နအဖ စစ်အုပ်စု၏ တရားဥပဒေမဲ့ လုပ်ဆောင်နေမှုများကို ဆန့်ကျင်လှုပ်ရှားသည့် ဆန္ဒပြပွဲနှင့် မတရား ဖမ်းဆီးခံနေရသော ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ၊ ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များ နှင့်နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး အတွက် ဆန္ဒပြ တောင်းဆိုသည့် အခမ်းအနားကို တိုကျိုမြို့  ရှီနာဂါဝါအရပ်ရှိ စစ်အခွန်ရုံး(မြန်မာသံရုံး)ရှေ့ ၌ ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများတို့မှ ဇန္န၀ါရီလ(၂၁)ရက်နေ့  နေလည် ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

နအဖ စစ်အုပ်စုက လာမည့် ဒီဇင်ဘာ(၃၁)ရက်နေ့မှာ စစ်အာဏာရှင်စနစ်ကို တရားဝင် ကျင့်သုံးဖို့ လွှတ်တော် ခေါ်ယူကျင်းပသွားမည် ဖြစ်ပါသည် လွှတ်တော်ခေါ်တိုင်း ဒီမိုကရေစီအစစ် ပေါ်လာမည်မဟုတ်
မြန်မာနိုင်ငံ အကျဉ်းထောင်များ အတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၂၂၀၀ နီးပါး ရှိနေခြင်းဟာ၊ မြန်မာပြည်သူ ပြည်သားများ ကျွန်ဘဝမှ မလွတ်မြောက်နိုင်သေးဘဲ၊ လွတ်လပ်ရေး ဆိတ်သုဉ်းနေကြောင်း မီးမောင်းထိုးပြလျှက်ရှိနေပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ရဲ့ အရေးကြီးတဲ့ ပထမ အဆင့် အနေနဲ့ နိုင်ငံရေး အကျဉ်းသား(၂၀၀၀)ကျော်အား ချွင်းချက်မရှိ ပြန်လွှတ် ပေးရန်အတွက် ယခုလို တောင်းဆိုသည့် ဆန္ဒပြ လှုပ်ရှားမှုများ ကျင်းပပြုလုပ်ရကြောင်းကို ကျင်းပရေးတာဝန်ခံ ဦးမြတ်သူမှ ရှင်းလင်း ပြောကြားသွားပါသည်။

၂၀၀၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ ဒုတိယ အကြိမ်မြောက် ကိုမင်းကိုနိုင် နှင့် ကျောင်းသား ခေါင်းဆောင်များ မတရား အဖမ်းဆီးခံ ကြရသည့် လစဉ် ၂၁ ရက်နေ့ ကျရောက်တိုင်း အမြန်ဆုံး လွတ်မြောက်စေရန် အတွက် ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများတို့မှ ဆန္ဒပြ တောင်းဆိုမှုတွေ လုပ်ဆောင် သွားကြမည် ဖြစ်ကြောင်း သိရှိရပါသည်။ ယနေ့ ဆန္ဒပြပွဲတွင် အင်အား ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
ဓါတ်ပုံ။။သတင်းနှင့်ပြန်ကြားရေးဌာန(NLD(LA)JB)