2011年1月25日火曜日

စစ်တပ်မှားယွင်းပစ်ခတ်သဖြင့် တပ်သား ၆ ဦး ဒဏ်ရာရ

E-mail Print
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ကို စစ်အစိုးရက ယနေ့နံနက်၌ လက်နက်ကြီးများဖြင့် တိုက်ခိုက်စဉ် လက်နက်ကြီးများ နေရာမှားယွင်း ကျရောက် ပေါက်ကွဲသဖြင့် စစ်အစိုးရ တပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်သည့် DKBA တပ်မဟာ ၅ ၏ စစ်ဆင်ရေးမှူးဖြစ်သူ ဗိုလ်မှူးစောဆန်းအောင်က စစ်အစိုးရ တပ်များသည် ၁၂၀ မမ အမြောက်များကို ၂၀၁၀ နိုဝင်ဘာ ၇ ရက် နောက်ပိုင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားစဉ် ကတည်းကပင် စတင်အသုံးပြုခဲ့သည်ဟု ပြောသည်။

“ဒီနေ့မနက် ကိုးနာရီလောက်မှာပဲ နအဖ စခန်းထဲကို လက်နက်ကြီးကျတာ မှန်ဘီလူးနဲ့ ကျနော်တို့မြင်ရတယ်။ ကျည် ကျတဲ့ နေရာမှာ စစ်သားတွေ ၅ ယောက်၊ ၆ ယောက်လောက် လဲကျသွားတယ်။ နောက်ပိုင်း ဆက်သွယ်ရေး စက်ကနေလာတဲ့ သတင်းတွေအရ စစ်သားတယောက်သေတယ်။ ဗိုလ်အဆင့် အရာရှိတယောက်နဲ့ စစ်သား ၄ ယောက်လောက် ဒဏ်ရာရတယ်လို့ သိရတယ်” ဟု ဗိုလ်မှူးစောဆန်းအောင်က ဆိုသည်။

စစ်အစိုးရတပ်များအနေဖြင့် DKBA တပ်များကို တိုက်ခိုက်ရာတွင် ၁၂၀ မမ ကဲ့သို့ အမြောက်ကြီးများ သုံးရန်မလိုကြောင်း၊ ယင်းလက်နက်ကြီးများသည် ပြည်တွင်းစစ်ပွဲများအတွက်မဟုတ်ဘဲ ပြည်ပစစ်ပွဲများအတွက်သာ ဖြစ်ကြောင်း၊ DKBA တပ်များသည်လည်း မြန်မာနိုင်ငံတွင်းမှ တိုင်းရင်းသားများသာ ဖြစ်သောကြောင့် တိုင်းရင်းသားများအပေါ် လက်နက် ကြီးများသုံး၍ တိုက်ခိုက်နေခြင်းကိုလည်း ဝမ်းနည်းမိကြောင်း သူက ဆိုသည်။

စစ်ရေး လေ့လာသူများက လက်ရှိ စစ်အစိုးရတပ်များတွင် အသုံးပြုနေသည့် ၁၂၀ မမ အမြောက်များသည် ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ စက်ရုံများမှ ထုတ်လုပ်ခြင်းဖြစ်ပြီး ယင်း လက်နက်များကို ပစ်ခတ်ရန် အလွန်တိကျသည့် တိုင်းထွာမှုများ လိုအပ်ကြောင်း၊ သို့မဟုတ်ပါက ပစ်မှတ်သို့ မထိဘဲ အခြားနေရာများ၌သာ ပေါက်ကွဲမည် ဖြစ်ကြောင်း ပြောဆိုသည်။

ရုရှားနိုင်ငံ၌ ပညာသင်ကြားနေသည့် အမည်မဖော်လိုသူ အရာရှိတဦးက “စစ်တက္ကသိုလ် အပတ်စဉ် ၄၅ က ဗိုလ်လောင်း တွေလည်း အခုလိုမျိုးအဖြစ်အပျက်ကြုံဖူးတယ်။ ကျောင်းဆင်းခါနီး အောင်စစ်သည် တိုက်စစ်မှာ လက်နက်ကြီး နေရာမှား ကျလို့ နည်းပြ အရာရှိတယောက် ဆုံးပြီး ဗိုလ်လောင်းတွေ ဒဏ်ရာရခဲ့တယ်” ဟု ဆိုသည်။

DKBA တပ်မဟာ ၅ ၏ စစ်ဆင်ရေးမှူးဖြစ်သူက စစ်အစိုးရ တပ်များအနေဖြင့် အကျဉ်းသားများကို လူသားမိုင်းရှင်းကိရိယာ အဖြစ်အသုံးပြုနေခြင်းကိုလည်း အပြင်းအထန်ကန့်ကွက်သည်ဟု ပြောဆိုသည်။

စစ်အစိုးရနှင့် DKBA တပ်များ၏ တိုက်ပွဲများ အတွက် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ လကုန်ပိုင်းမှစတင်ကာ မြန်မာနိုင်ငံတဝန်းရှိ အကျဉ်းထောင်များမှ အကျဉ်းသားများကို ရှေ့တန်းသို့ ပို့ဆောင်ပြီး လက်နက်ခဲယမ်းများနှင့် တခြား ပစ္စည်းများ ထမ်းပိုး ရာတွင်လည်းကောင်း၊ မိုင်းကွင်းများရှိလျှင် လူသားမိုင်းရှင်းကိရိယာများအဖြစ် လည်းကောင်း အသုံးပြုကြသည်ဟု သိရသည်။

အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် နီးစပ်သူတဦးကမူ စစ်အစိုးရတပ်များသာမက DKBA တပ်များကလည်း ၈၀ မမ စိန်ပြောင်းကဲ့သို့သော လက်နက်များဖြင့် ပြန်လည်ပစ်ခတ်သည်ဟု ပြောဆိုသည်။

ဗိုလ်မှူးစောဆန်းအောင်က “ကျနော်တို့ မော်တာတွေ အသုံးပြုပြီး ပြန်လည်တိုက်ခိုက်ခဲ့တယ် ဆိုတာကိုတော့ ငြင်းစရာ မရှိပါဘူး၊ ဒါပေမယ့် နအဖ စစ်သားတွေလို ကျနော်တို့က ပေါ်တာမသုံးဘူး၊ အဲဒါကြောင့် လက်နက်ကြီး ကျည်တွေကို အများကြီး မသယ်နိုင်ဘူး။ နအဖ တပ်တွေလို လက်နက်ကြီးနဲ့ ခဏ ခဏ မပစ်နိုင်ဘူး” ဟု ဆိုသည်။

ယမန်နေ့ကလည်း စစ်အစိုးရတပ်များနှင့် DKBA တပ်များအကြား နှစ်ဘက် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး DKBA မှ အထိအခိုက် မရှိကြောင်း၊ စစ်အစိုးရဘက်မှ ထိခိုက်မှုများကို အတည်မပြုနိုင်သေးကြောင်း DKBA အရာရှိတဦးက ပြောသည်။

စစ်အစိုးရဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ထိုင်းနိုင်ငံဘက်သို့ ယခုလ ၉ ရက်နေ့က ကျရောက် ပေါက်ကွဲခဲ့ရာ ၁၁ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက ထိုင်းမြန်မာ နယ်စပ်ကော်မတီမှတဆင့် စစ်အစိုးရထံသို့ ကန့်ကွက် စာတစောင် ရေးသားပေးပို့ခဲ့သည်။

0 件のコメント:

コメントを投稿