2011年1月10日月曜日

စစ်မှုမထမ်းမနေရဥပဒေ မြန်မာစစ်အစိုးရ ပြဌာန်း


အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရဥပဒေကို စစ်အစိုးရက ပြဌာန်းလိုက်တယ်ဆိုတဲ့ သတင်း ထွက်လာပါတယ်။ မြန်မာနိုင်ငံမှာ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို မြန်မာစစ်အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းခဲ့တာပါ။ မကြာခင်ခေါ်ယူတော့ မယ့် လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်တွေ့ကျင့်သုံးရမှာဖြစ်ပေမယ့် လွှတ်တော် မခေါ်ခင်မှာ စစ်အစိုးရက ဒီဥပဒေကို ပြဌာန်းလိုက်တာက ဥပဒေနဲ့မညီဘူးလို့ သုံးသပ်တာတွေ ရှိပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံက အရွယ်ရောက်ပြီးသူ အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို စစ်အစိုးရက
ပြီးခဲ့တဲ့ဒီဇင်ဘာလ ၁၇ ရက်နေ့က တရားဝင်ပြဌာန်းလိုက်တယ်လို့ ဂျပန်သတင်း ဌာန NHK က ဖော်ပြပါတယ်။ စစ်အစိုးရသတင်းစာတွေမှာတော့ ဒီဥပဒေကို ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရဥပဒေကို ပြဌာန်းထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို လက်တွေ့ကျင့်သုံးမယ့် အစိုးရ သစ် မပေါ်ပေါက်ခင်မှာ အခုလိုလုပ်ဆောင်တာက ဥပဒေချိုးဖောက်မှုတခုဖြစ်တယ်လို့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု (NDD) ရဲ့ သုတေသနမှူး ဦးဌေးအောင်က ပြော ပါတယ်။
“ဒါမျိုးတော့ လုပ်လို့မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒါမျိုးက စစ်အာဏာရှင်စနစ် ဆက်ကျင့် သုံးနေတဲ့ စစ်အစိုးရဆိုရင်တော့ သူတို့ဥပဒေအရပေါ့ဗျာ၊ သူတို့ပါးစပ်ထဲကထွက်တာ ဥပဒေ ဆိုတော့ သူတို့ပြဌာန်းချင်ရင် ပြဌာန်းလို့ရတာပေါ့။ ဒါပေမဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ အညီ လုပ်မယ်ဆိုရင်တော့ အဲဒီအချက်တွေကို လွှတ်တော်မှာတင်ပြီးတော့ပေါ့လေ ဥပဒေပြုရ လိမ့်မယ်လို့ ကျနော်ထင်တယ်။ အဲဒီဥပဒေပြုပြီးတော့မှပဲ ဒီဟာက ပြဌာန်းရမယ်ဟာမျိုးပေါ့ဗျာ။
“အခုကတော့ လွှတ်တော်တောင် မခေါ်ရသေးဘူး၊ အစိုးရတောင် မဖွဲ့ရသေးဘဲနဲ့ ဒီ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေမှာ ပါတယ်ဆိုပြီးတော့ အခုလို ပြဌာန်းတာကတော့ ဒါ တရားဥပဒေ ဘောင်နဲ့ ကြည့်မယ်ဆိုလို့ရှိရင် ဘောင်မ၀င်ဘူးလို့ ကျနော်တော့ ထင်ပါတယ်။”
အခုကျင့်သုံးမယ့်ဥပဒေအရ အမျိုးသမီးတွေက အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား၊ အမျိုးသားတွေ က အသက် ၁၈ နှစ်နဲ့ ၄၅ နှစ်ကြား အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမှာဖြစ်ပါတယ်။ စစ်မှုထမ်း သက်တမ်းက နှစ်နှစ်ကနေ သုံးနှစ်အထိဖြစ်ပါတယ်။ ဒီလို စစ်မှုထမ်းဖို့အတွက် ကိုယ်တိုင် အာဏာပိုင်တွေထံကို စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။ စစ်မှုထမ်းရေး စာရင်း ပေးသွင်းဖို့ ပျက်ကွက်မယ်ဆိုရင်တော့ ထောင်ဒဏ် ငါးနှစ်ထိ ကျခံရမှာဖြစ်ပါတယ်။
အမြဲတမ်း စစ်တပ်အင်အားကို လျှော့ချဖို့ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရဥပဒေကို ဒီမိုကရေစီထွန်းကားတဲ့ တိုင်းပြည်တချို့မှာ ပြဌာန်းထားပေမဲ့ မြန်မာစစ်အစိုးရကတော့ အမြဲတမ်းစစ်အင်အားကို မလျှော့ဘဲ အခုလို စစ်မှုမထမ်းမနေရ ဥပဒေကို ပြဌာန်းတာဖြစ်တဲ့ အတွက် စစ်အင်အားကြီးထွားအောင် လုပ်ဆောင်မှုတခုသာ ဖြစ်တယ်လို့လည်း ဦးဌေးအောင် ကရှုမြင်ပါတယ်။
“အမြဲတမ်းစစ်အင်အားကို လျှော့ချနိုင်မယ်ဆိုရင် တိုင်းပြည်အတွက်၊ စစ်တပ်အတွက် အသုံးပြု နေရတဲ့ ငွေကြေးတွေမှာ ကျနော်တို့ အများကြီးလျှော့ချနိုင်မယ့် အနေအထားမျိုးရှိပါတယ်။ နောက်တခုကလည်း ပြည်သူလူထုတရပ်လုံးက ဒီစစ်ပညာကို တတ်ကျွမ်းထားခြင်းအားဖြင့်ပေါ့ ဗျာ၊ ပြည်ပကျူးကျော်မှုကို ရင်ဆိုင်လာရတဲ့ အချိန်မျိုးမှာ ကိုယ့်နိုင်ငံကို ကိုယ်ကာကွယ်နိုင်တဲ့ အနေအထားမျိုးရှိတော့ ဒါက တပိုင်းကကြည့်မယ်ဆိုလို့ရှိရင်လည်း ကောင်းတဲ့အနေအထား ရှိပါတယ်။”
“ဒါပေမဲ့ ဒီစစ်အာဏာရှင်တွေ အခုလို အတင်းအကျပ် ပြဌာန်းတာကျတော့ သူတို့ရဲ့ စစ်အာဏာ ရှင်စနစ်ကို သက်ဆိုးရှည်အောင်၊ နောက်တခုကလည်းပဲ ပြည်သူလူထုကိုယ်နှိုက်က ဒီစစ်တပ်ရဲ့ ပုံစံအရ သူတို့ရဲ့အမိန့်တွေကို နာခံတတ်တဲ့အကျင့်ဖြစ်လာအောင် သူတို့က ရည်ရွယ်ပြီး လုပ်ဆောင်တာဆိုရင်တော့ ဒါ သူတို့ရဲ့ရည်ရွယ်ချက်က မှားနေတယ်၊ ဒီလုပ်ဆောင်ချက်က အကျိုးမရှိဘူးလို့ပဲ ကျနော်တို့ ပြောချင်ပါတယ်။”
နိုင်ငံတကာက ကျူးကျော်ရန်စမှုကို တွန်းလှန်နိုင်ဖို့နဲ့ စစ်တပ်အသုံးစရိတ်ကို လျှော့ချနိုင်ဖို့ နိုင်ငံ တချို့က ဒီဥပဒေကို ကျင့်သုံးလေ့ရှိကြပေမဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့အနေအထားက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေလည်း ရှိနေသေးတာကြောင့် စစ်တပ်အင်အား တိုးချဲ့ဖို့ ကြိုးစားလာတာက ပြည်တွင်းစစ်မီး တိုးပွားလာမယ့်အရေးကိုလည်း စိုးရိမ်မှုတွေရှိနေပါတယ်။
အခုလို စစ်မှုမထမ်းမနေရ လုပ်လိုက်တာကလည်း တပ်မတော်အတွက်ရော ပြည်သူအတွက် ရော ကောင်းတဲ့အကျိုးရလဒ်ဖြစ်လာမှာ မဟုတ်ဘူးလို့ ဦးဌေးအောင်ကဆိုပါတယ်။
“လူတွေရဲ့စိတ်ဆန္ဒမပါဘဲနဲ့ အတင်းအကျပ်လုပ်ခိုင်းလို့ လုပ်ရတဲ့ကိစ္စမှန်သမျှက အကျိုးသက် ရောက်မှု ရှိသင့်သလောက်ရှိမယ်လို့ ကျနော်မထင်ပါဘူး။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် တိုင်းပြည်ကို ချစ်မြတ်နိုးလို့ တိုင်းပြည်ကိုကာကွယ်ဖို့ ကိုယ့်ရဲ့စိတ်ဆန္ဒ ဆုံးဖြတ်ချက်နဲ့ တပ်မတော်ထဲကို ၀င်တာမျိုးမှသာလျှင် ဒါဟာ တိုင်းပြည်အတွက် တကယ်လဲ အကျိုးရှိမယ်လို့ ကျနော် ယူဆပါ တယ်။ တပ်မတော်အတွက်လည်း ဒါမျိုးမှ အကျိုးရှိမှာဖြစ်ပါတယ်။”
လတ်တလောအနေအထားမှာတော့ မြန်မာ့တပ်မတော်မှာ အသက်မပြည့်သေးတဲ့ ကလေးငယ် တွေကို စစ်သားစုဆောင်းမှုတွေရှိနေတဲ့အတွက် ကုလသမဂ္ဂအပါအ၀င် လူ့အခွင့်အရေးအဖွဲ့တွေ က ဝေဖန်မှုတွေဖြစ်နေတာရှိပါတယ်။

0 件のコメント:

コメントを投稿