
ကျပ် ၅ သိန်းတန် ဖုန်းဖြင့် အင်တာနက် အသုံးပြုနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - Popular News)
“စည်းကမ်းချက် အမှတ်စဉ် ၉ မှာ ငှားရမ်း အသုံးပြုသူ၏ ၀ါယာလက်စ် အော်တို တယ်လီဖုန်းကို ဌာနအနေနှင့် အချိန်မရွေး ၀င်ရောက် စစ်ဆေးရန် ငှားရမ်း အသုံးပြုသူက သဘောတူညီပါသည် ဆိုတဲ့ အချက်ပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာတဦးက ပြောသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် တယ်လီဖုန်း ဆက်သွယ်မှုကို အချိန်မရွေးဖြတ်တောက် ထားနိုင်ကြောင်း၊ ဆက်သွယ်မှု ပြတ်တောက်ချို့ယွင်းမှုကြောင့် ဖုန်းကိုင်ဆောင်အသုံးပြုသူတွင် ဆုံးရှုံးမှု၊ ပျက်စီးမှု တစုံတရာအတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် တာဝန်မရှိကြောင်း ဆိုသည့် အချက်များလည်း စည်းကမ်းချက်ထဲတွင် ပါဝင်သည်။
စစ်အစိုးရက တယ်လီဖုန်းလိုင်း သိန်းချီချထားပေးခြင်း၊ အင်တာနက်လိုင်းများ တိုးချဲ့ချထားပေးခြင်းများ ပြုလုပ်နေသော်လည်း အသုံးပြုသော အများပြည်သူအတွက် လုံခြုံစိတ်ချရမှု မရှိကြောင်း ပြည်တွင်း ပုဂ္ဂလိကမီဒီယာကြီး တခုမှ အမှုဆောင် အယ်ဒီတာတဦးက ပြောသည်။
“ချမှတ်ထားတဲ့ စည်းကမ်းချက်တွေ အရဆိုရင်တော့ ဘယ်လိုမှ လုံခြုံမှု မရှိဘူးလို့ပဲပြောရမယ်။ တဦးချင်း လွတ်လပ်ခွင့်လည်း ဆုံးရှုံးသလို ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။
ကျပ် ၅ သိန်းတန် တယ်လီဖုန်းအသုံးပြုသော ရန်ကုန်မြို့ခံ အများစုမှာ စည်းကမ်းချက်များကို ဂရုတစိုက် ဖတ်ရှုခြင်း မရှိသည့် အတွက် မိမိဖုန်းပြောနေစဉ်နှင့် အင်တာနက်အသုံးပြုစဉ် မြန်မာ့ဆက်သွယ်ရေးက ကြားဖြတ် နားထောင်နိုင်သည် ဆိုသော အချက်ကို သတိမထားမိကြပေ။
ရန်ကုန်မြို့မှ အထက်တန်းရှေ့နေတဦးက စစ်အစိုးရသည် ဒီမိုကရေစီစနစ်ဆီသို့ ကူးပြောင်းပြီဟု ကြွေးကြော်နေသော်လည်း ဒီမိုကရေစီကျင့်စဉ်များကို ကျင့်သုံးခြင်းမရှိဘဲ မျက်ကွယ်ပြုထားသည်ဟု ဆိုသည်။
“ဖုန်းတွေ ကြားဖြတ်နားထောင်တယ်ဆိုတာ သာမန်လုပ်ရိုးလုပ်စဉ်လို့တောင် ပြောလို့ရတယ်။ ဒီထက်ဆိုးတဲ့ ကိစ္စတွေ လုပ်နေတာပဲ။ ဥပမာ-လယ်သိမ်းတယ်၊ မြေသိမ်းတယ်၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းတယ်၊ ကလေးစစ်သားတွေ သုံးတယ်၊ မီဒီယာလွတ်လပ်ခွင့် မပေးဘူး၊ တရားရုံးတွေ၊ ရဲတွေလာဘ်စားတယ်၊ စီးပွားရေးမှာ လက်လှမ်းသင့်ရာ စီးပွားရေးပုံစံနဲ့ လုပ်တယ်၊ ဆွေမျိုးသားသမီး ကောင်းစားရေးလုပ်ကြတယ်၊ ဒီမိုကရေစီ ကျင့်စဉ်နဲ့ မညီတဲ့ လုပ်ရပ်တွေ အများကြီးဖြစ်ခဲ့တယ်။ ဖြစ်နေတုန်းပဲ” ဟု ၎င်းက ဆက်ပြောသည်။
ပြည်တွင်းတွင် လက်ရှိအသုံးပြုနေသော CDMA ဖုန်းဖြင့် အင်တာနက် အသုံးပြုခြင်း စနစ်သည် တရုတ် Huawei ကုမ္ပဏီမှ တင်သွင်းထားသော နည်းပညာနှင့် စက်ပစ္စည်းများကို အသုံးပြုထားခြင်းဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။
မြန်မာနိုင်ငံတွင် ဖုန်းလိုင်းအရေအတွက် ၂ သန်းကျော်ရှိပြီး ကျပ် ၅ သိန်းတန် CDMA 800 MHz ဖုန်း လိုင်း ၂၅၀၀၀၀၊ GSM ဖုန်းလိုင်း ၄၈၅၁၀၀ အပါအ၀င် မိုဘိုင်းလ်ဖုန်း အရေအတွက် ၁၄၃၅၂၅၀ ရှိကြောင်း စစ်အစိုးရက ထုတ်ပြန်ထားသည်။
0 件のコメント:
コメントを投稿