2011年1月16日日曜日

ရန်ပွဲများကြောင့် ညကလပ်တချို့ ပိတ်

E-mail Print
ရန်ကုန်မြို့ရှိ ညကလပ် (Night Club) တချို့ အထူးစီမံချက်ဖြင့် အကန့်အသတ်မရှိ ပိတ်ထားခံရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာမွန်ဈေးရှိ JJ ကလပ်၊ Global Future ကလပ်
rangoon400
ရန်ကုန်မြို့ရှိ ညကလပ်တခုမြင်ကွင်း။ (ဓာတ်ပုံ - Brent Lewin)
နှင့် တိရစ္ဆာန်ရုံအနီးရှိ IQ ကလပ်များတွင် ရန်ပွဲကြီးများဖြစ်ပွား၍ အထူးစီမံချက်ဖြင့် ပိတ်ထားခံရခြင်း ဖြစ်ကြောင်း JJ ညကလပ်သို့ အပတ်စဉ် သွားလေ့ရှိသူတဦးက ပြောသည်။

အဆိုပါ ညကလပ်များတွင် စစ်တပ်အသိုင်းအ၀ိုင်းမှ သားသမီးများ အပါအဝင် ၀ိုင်းရိုက်ခြင်း၊ ဓားထိုးမှု စသည့် ရန်ပွဲများ ဖြစ်ပွားကြောင်း ၎င်းကဆိုသည်။

Global Future ညကလပ်တွင် ယမန်နှစ် တန်ဆောင်တိုင်ပွဲတော်ည၌ ရန်ဖြစ်ပွားခဲ့စဉ် ရှိနေသူတဦးက “စားပွဲထိုးကို ပိုက်ဆံမပေးနိုင်ဘူးဆိုပြီး ထိုးလွှတ်လိုက်ကြလို့ ကလပ်ထဲက လူတွေက မခံနိုင်ဘဲ မဆိုင်တဲ့လူတွေ အပြင်ထုတ်၊ တံခါးပိတ်ပြီး အဲဒီကောင်တွေကို ၀ိုင်းရိုက်တာ အရေးပေါ် ဆေးရုံတောင် ရောက်တယ်” ဟု ပြောသည်။

Global Futureတွင် ၀ိုင်းရိုက်ခံရသော လူငယ်များသည် စီးပွားရေးဦးပိုင် လီမီတက်မှ အရာရှိကြီးများ၏ သားသမီးများ ဖြစ်နေသောကြောင့် ၂၀၁၀ နှစ်ကုန်မှစတင်ပြီး ညကလပ် အပိတ်ခံထားရကြောင်း၊ မင်္ဂလာဈေးရှိ တခြား ညကလပ်တခုဖြစ်သော JJ တွင်လည်း နှစ်သစ်ကူးည၌ ရန်ပွဲဖြစ်ပွား၍ အပိတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

“IQကလပ်မှာ ဗိုလ်ကြီးတစ်ယောက် ဓားနဲ့အထိုးခံရတယ်။ လောလောဆယ်တော့ ကလပ်ပိတ်ထားခံ လိုက်ရတယ်။ ပြန်ဖွင့်ခွင့် ကျတော့မှာပါ” ဟု IQ ကလပ်မှ တာဝန်ရှိသူတဦးက ပြောသည်။

ညကလပ်များတွင် မကြာခဏ ရန်ပွဲများဖြစ်တတ်သော်လည်း ယခုအပိတ်ခံရသည့် ကလပ် ရန်ပွဲများတွင် စစ်အရာရှိ၊ အာဏာပိုင်များ၏ သားသမီးများ အထိနာကြကြောင်း၊ ထို့ကြောင့် ပြန်ဖွင့်ခွင့်ရရန် ခက်ခဲနေခြင်း ဖြစ်ကြောင်း ညကလပ်တခုတွင် အလုပ်လုပ်ကိုင်နေသူ တဦးက ဆိုသည်။

Global Future ညကလပ် အပိတ်ခံရခြင်းနှင့် ပတ်သက်၍ “ကလပ်ဖွင့်တဲ့ လူတွေကလည်း တကယ်ကို အကုန်ပိုင်တဲ့လူတွေ။ ဒီတခေါက် ရန်ပွဲတော့ သူတို့လည်း မတတ်နိုင်ဘူး။ အထူးစီမံချက်နဲ့ ပိတ်ခံလိုက်ရတယ်” ဟု ညကလပ်များတွင် ပုံမှန်လိုင်းကြေး ကောက်ခံနေသော ရဲတဦးက ပြောသည်။

အဆိုပါ အပိတ်ခံထားရသော ညကလပ်များသည် လူအစည်ကားဆုံး ညကလပ်များဖြစ်ပြီး ပွဲတော်နေ့များတွင် သိန်းရာနှင့်ချီ၍ ၀င်ငွေရကြကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ပိုင်အိုးနီးယား၊ DJ Bar ၊ ကဖီးလေဘယ်၊ V6 စသော ကလပ်များသည် လူကြီးသားသမီးများ အဓိက သွားရောက်သည့် ကလပ်များဖြစ်ပြီး JJ ၊ Global Future ၊  IQ ၊ YGNစသော ကလပ်များသည် အဆိုပါ ကလပ်များထက် ဈေးနှုန်းသင့်တင့်သောကြောင့် လာရောက်သူများပြားသည်ဟု သိရှိရသည်။

၂၀၀၉ ခုနှစ် အောက်တိုဘာလအတွင်းကလည်း ရန်ကုန်နှင့် မန္တလေးမြို့ ရှိ Day Club (နေ့ကလပ်) နှင့် ညကလပ် များကို ဒေသဆိုင်ရာ အာဏာပိုင်များ၏ စီမံချက်ဖြင့် ယာယီပိတ်ခဲ့ဖူးသည်။


ညကလပ် အပါအဝင် ဖျော်ဖြေရေး လုပ်ငန်းများတွင် လုပ်ကိုင်နေသော မိန်းကလေးများကို ချစ်သူ ရည်းစားအဖြစ် ဟန်ဆောင် ချစ်ကြိုက်ပြီး လူကုန်ကူးမှုများ ရှိကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး (အထူးအဖွဲ့) အဖွဲ့ရုံး တာဝန်ရှိသူ တဦးက ယမန်နှစ် ဇူလိုင်လအတွင်းက ပြောခဲ့သည်။

0 件のコメント:

コメントを投稿