ရှပ်နီဝတ်တွေလို့သိကြတဲ့ ဆန္ဒပြသူ ၃၀,၀၀၀ လောက်ဟာ ဘန်ကောက်မြို့တော်က ဒီမိုကရေစီအထိမ်းအမှတ် ကျောက်တိုင် ပတ်ဝန်းကျင်မှာ စုဝေးခဲ့ကြပြီး မြို့လယ်ခေါင်က အဆင့်မြင့်ကုန်တိုက်ကြီးတွေရှိတဲ့နေရာဆီ ချီတက် ခဲ့ကြတာကြောင့် အဓိက လမ်းမကြီးတခုမှာ ယာဉ်သွား ယာဉ်လာတွေ ပိတ်ဆို့ကုန်ပါတယ်။
ရှပ်နီဝတ် ဆန္ဒပြသူတွေဟာ ပြီးခဲ့တဲ့နှစ် ဧပြီလကနေ မေလအထိ အဲဒီ မြို့လယ်ခေါင်နေရာမှာ သပိတ်စခန်း ဖွင့် ဆန္ဒပြခဲ့ကြတာကြောင့် ဘန်ကောက်မြို့လယ်မှာ အရောင်းအ၀ယ်လုပ်ငန်းတွေ ထိခိုက်ခဲ့ရသလို လုံခြုံရေး တပ်ဖွဲ့တွေနဲ့လည်း လမ်းပေါ်တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ရုန်းရင်းဆန်ခတ်မှုတွေကြောင့် လူ ၉၀ လောက် သေဆုံးခဲ့ရပြီး အများစုက အရပ်သားတွေ ဖြစ်ပါတယ်။ လက်ရှိအစိုးရကို တရားမ၀င်အစိုးရ၊ အခွင့်ထူးခံအစိုးရ အဖြစ် ဆန္ဒပြသူတွေကမြင်ကြပြီး ရွေးကောက်ပွဲတွေ စောပြီးလုပ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့နှစ်က ဆန္ဒပြပွဲတွေပြီးတဲ့နောက် ဖမ်းဆီးခံထားရပြီး အကြမ်းဖက်မှုတွေနဲ့ စွဲချက်တင်ခံထားရတဲ့ ရှပ်နီခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ တနင်္ဂနွေနေ့ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူတွေက ၀န်ကြီးချုပ် အဘီဆစ် ၀တ်ချာချီဝအစိုးရကို တောင်းဆိုခဲ့ပါတယ်။ စစ်တပ်က အင်အားသုံး နှိမ်နင်းလို့ သူတို့ရဲ့ ရှပ်နီဆန္ဒပြသူတွေ သေဆုံးခဲ့ရတဲ့အပေါ် တရားဥပဒေနဲ့အညီ လုပ်ဆောင်ဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြပွဲကို ထိန်းသိမ်းဖို့ ရဲတပ်ဖွဲ့ဝင် ၁,၀၀၀ ကို အာဏာပိုင်တွေက ချထားခဲ့ပါတယ်။ ဆန္ဒပြပွဲကတော့ ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့ပုံရပါတယ်။
0 件のコメント:
コメントを投稿