မြို့ထဲသို့သာ ပြေးဆွဲပြီး မြို့ပြင်သို့ ပြေးဆွဲခြင်း မပြုသည့် "မထသ" ဘတ်စ်ကားများတွင် GPS အပြင် လုံခြုံမှု စနစ်ပါသော Car Black Box System ကို တပ်ဆင်ရန်အတွက် မထသနှင့် အရောင်းဆိုင်တို့ ညှိနှိုင်းဆောင်ရွက် နေကြောင်း သိရသည်။
Car Black Box System သည် မော်တော်ယာဉ်မောင်း၏ မဆင်မခြင် မောင်းနှင် ခြင်း၊ စပယ်ယာများမှ ကိုယ့်ပိုက်ဆံ ကိုယ်ပေးစီးသည့် ခရီးသည်များကို လူမဆန်စွာ အော်ဟစ် ဆဲဆို ကြိမ်းမောင်းခြင်း၊ မချေမခံဆက်ဆံခြင်း တို့အပြင်
အချို့သော နှာဘူး အမျိုးသား ခရီးသည်များက အမျိုးသမီး ခရီးသည်များကို နှမချင်း မစာနာပဲ အနောက်မှ နေ၍ မဖွယ်မရာ "ထောက်လှမ်းရေး" အပြုအမူ ပြုလုပ်ခြင်းများကို ဗီဒီယိုပုံရိပ်အနေဖြင့် ပြည်လည်ကြည့်ရှု နိုင်ပြီး GPS ပါဝင်ခြင်းကြောင့် ယာဉ်မောင်းနှင်သော လမ်းကြောင်းကို မြေပုံဖြင့် အသေးစိတ် သိရှိနိုင်ရုံမျှမက၊ အင်တာနက် Google Map မှတဆင့် နှာဘူးကျနေပုံများကို 3D ပုံရိပ်ဖြင့် ကြည့်ရှု နိုင်ကြောင်း သိရသည်။
အဆိုပါ စနစ်သည် MRTV-4 နှင့် ချိတ်ဆက် ထားသည့် အတွက် ထူးခြား ဖြစ်စဉ်ဖြစ်ပွားပါက နှာဘူးများ၏ ပြုမူနေပုံများကို ရုပ်မြင်သံကြားမှ နေ၍ အများပြည်သူ သိမြင်နိုင်စေရန် တစ်နိုင်ငံလုံးသို့ တိုက်ရိုက် ထုတ်လွှင့်ပြသ သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
”ဒီစက်တွေကို ပါရမီကား ၂ စီးမှာ စမ်းသပ်တပ်ဆင်ခဲ့ပါတယ်။ အောင်မြင် တယ်။ အဲဒီအတွက် မသထဘတ်စ်ကားတွေမှာ တပ်ဆင်ဖို့ ညှိနှိုင်းနေဆဲပါ” ဟု TRUE VALUE မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိ အနေ အထားတွင် Car Black Box System စက်များကို ကိုယ်ပိုင်အိမ်စီး ကားများနှင့် ရုံးသုံး ကားများတွင် တပ်ဆင်မှုများပြီး အချို့မှာကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး ကားများတွင် တပ်ဆင်ကြကြောင်း သိရသည်။ ယင်းစက်ပစ္စည်းသည် မြန်မာနိုင်ငံသို့ တင်သွင်းလာသည်မှာ လပိုင်းသာရှိသေးပြီး ထိုင်ဝမ် ထုတ်ဖြစ်ကာ ဈေးနှုန်းအနေ ဖြင့် ၂ သိန်းခွဲ ဝန်းကျင်ရှိပြီး ဝန်ဆောင်မှုအနေဖြင့် ၁ နှစ်အာမခံ ပေးထားကြောင်း TRUE VALUE အရောင်းဆိုင်မှသိရသည်။
0 件のコメント:
コメントを投稿