“နှစ်ဟောင်းလွန်မြောက် နှစ်သစ်ရောက်ချိန်တွင် ကျမ၏ နိုင်ငံရေးဘ၀ဖြတ်သန်းမှုကို ပြန်လည် သုံးသပ်ကြည့်သောအခါ ပြည်သူလူထု၏ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးအတွက် ကြိုးပမ်းသည့်ကာလ နေအိမ်အကျယ်ချုပ် ကျခံနေရသည့်ကာလ၊ ပြန်လည်လွတ်မြောက် လာသည့်ကာလ ဟူ၍ ကာလသုံးပါးကို တွေ့မြင်ရပါသည်။ ယင်းကာလ သုံးပါးစလုံးတွင် ကျမအတွက်လည်းကောင်း၊ ကျမ၏ ရည်မှန်းချက်များအတွက်လည်းကောင်း၊ ကျမ၏ ကြိုးပမ်းဆောင်ရွက်မှုများ အတွက်လည်းကောင်း၊ ထောက်ခံသူ အားပေးသူ ကူညီသူအမြောက်အများ ရှိပါသည်။ နိုင်ငံ့ခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်ကြီးများ၊ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်များ အပါအ၀င် ပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂ၊ ဥရောပ သမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ စသည်စသည် ပါဝင်သော အဖွဲ့အစည်းများ၊ အမေရိကန်နိုင်ငံနှင့် ဥရောပနိုင်ငံ အများအပြားမှ နိုင်ငံသူနိုင်ငံသားများ၊ ပြည်တွင်းပြည်ပမှ ကျမတို့ တိုင်းရင်းသားပြည်သူများ ပါဝင်ကြပါသည်။ ထိုသူများ၏ ကာယကံအားဖြင့်၊ ၀စီကံအားဖြင့်၊ မနောကံအားဖြင့် ရိုင်းပင်းကူညီခဲ့မှုများအတွက် ကျမက အထူးတလည် ကျေးဇူးဥပကာရ တင်ရှိပါကြောင်း အလေးအနက် ဖော်ပြအက်ပါသည်။ အထူးအားဖြင့် ယခုတကြိမ် ပြန်ရောက်လာရာတွင် ပိုမိုတက်ကြွနေသော ကျမတို့ လူငယ်များ အပါအ၀င် ပြည်သူများက အင်တိုက်အားတိုက် ထောက်ခံအားပေးမှုကြောင်း ကျမ အလွန်ဝမ်းမြောက် ကြည်နူးရပါသည်။ အမျိုးသား ပြန်လည်သင့်မြတ်မှုရရှိရေး၊ စစ်မှန်သော ပြည်ထောင်စု စိတ်ဓါတ် တဖန် နိုးထရှင်သန်လာရေးတို့အတွက် ပြည်သူ့နိုင်ငံရေး ကွန်ယက်ကြီးတရပ် ထူထောင်ခြင်းဖြင့် ကျမတို့ မဖြစ်မနေ ကြိုးပမ်းရပါဦးမည်။ မင်္ဂလာနှစ်သစ်တွင် ခွန်သစ်အားသစ် လုပ်ငန်းပုံစံသစ်ဖြင့် တိုင်းရင်းသားပြည်သူ အားလုံး လက်တွဲနုတ်ဆက်ကြပါစို့လို့ နိုးဆော်ရင်း နုတ်ခွန်းဆက်သလိုက်ပါသည်။ ဒီမိုကရေစီရေး မုချ အောင်မြင်ရမည်။”
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဗွီအိုအေ မြန်မာပိုင်းကနေတဆင့် နှစ်သစ် နုတ်ခွန်းဆက်သခဲ့တာ ဖြစ်ပါတယ်။
0 件のコメント:
コメントを投稿