MAI သည် ကမ္ဘောဒီးယား၊ တရုတ် ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နှင့် ချိတ်ဆက်ပြေးဆွဲမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် တိုက် ရိုက် လေကြောင်းပြေးဆွဲရန် သဘောတူညီမှုရရှိခဲ့ပြီး ဖြစ်သော်လည်း လေကြောင်းခရီးစဉ်များကိုမူ သတင်းမထုတ်ပြန်နိုင်သေး ကြောင်း MAI မှ တာဝန်ရှိသူတဦးက ပြောသည်။

၂၀၀၉ ခု အောက်တိုဘာ လကုန်ပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တွင် ဆေးရောင်အသစ် ပြောင်းလဲ ပြင်ဆင်ထားသည့် MAI လေယာဉ် တစီးကို တွေ့ရစဉ် (ဓာတ်ပုံ - W.T. Liew. Ex-Adria)
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီ(Dipu Moni) က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် နှစ်နိုင်ငံ တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲရန် သဘောတူညီမှုရရှိခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် Daily Star သတင်းစာက ဖော်ပြထားသည်။
ကမ္ဘောဒီးယားနိုင်ငံ ဆီရမ် ရိ(ပ်) နှင့် တိုက်ရိုက်လေကြောင်းလိုင်းသစ်ကို ဖေဖော်ဝါရီလ၂၃ ရက်နေ့တွင် တပတ်လျှင်၂ ကြိမ် စတင် ပြေးဆွဲတော့မည်ဖြစ်ကြောင်း သိရသည်။
မတ်လ ၃ ရက်နေ့တွင်စတင်ကာ တိုက်ရိုက်လေကြောင်းလိုင်းသစ်အဖြစ် တရုတ်နိုင်ငံ ကန်တုံမြို့ ဂွမ်ဇူး(Guangzhou)နှင့် ချိတ် ဆက် ကာ တပတ်လျှင် ၂ ကြိမ် ပျံသန်းတော့မည်ဖြစ်သည်။
MAI လေကြောင်းလိုင်းမှာ ပြည်ပ တိုက်ရိုက်ခရီးစဉ်များအဖြစ် မလေးရှား၊ ထိုင်း၊ စင်္ကာပူနှင့် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ ပြေးဆွဲလျက် ရှိနေပြီး တဆင့်ခရီးစဉ်များအဖြစ် ဟောင်ကောင်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယနိုင်ငံ နယူးဒေလီသို့ ပြေးဆွဲနေသည်။
MAI ၏ အစုရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ကမ္ဘောဇဘဏ် လီမိတက်မှ လွှဲပြောင်းရယူပြီး Air Kanbawza လေကြောင်းလိုင်း အမည်ဖြင့် ပြေးဆွဲရန် အစီအစဉ်ရှိကြောင်းလည်း ကမ္ဘောဇ စီးပွားရေးလုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောသည်။
ကမ္ဘောဇဘဏ် လီမိတက်မှ အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်းလိုင်း(MAI)ကို လွှဲပြောင်းရယူပြီးနောက် ကမ္ဘောဇမှ ၀န်ထမ်း များ MAI ၀န်ထမ်းများနှင့် ပူးတွဲလုပ်ကိုင်နေကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းနှင့် ပြည်ပလေကြောင်း လိုင်းများကို MAI နှင့် Air Bagan တို့ကပြေးဆွဲနေပြီး Air Mandalay နှင့် Asian Wings တို့မှာ ပြည်တွင်းလေကြောင်းလိုင်းများကို ပြေးဆွဲနေသည်။
Air Bagan ပိုင်ရှင် ဦးတေဇ သည် ခရီးသွားလုပ်ငန်း လုပ်ကိုင်သည့် Sun Far Travels & Tours Co., Ltd ကုမ္ပဏီနှင့် ပူးပေါင်း၍ Asian Wings ဟု အမည်ရှိ လေကြောင်းလိုင်းအသစ်ကို ပြီးခဲ့သည့် ၂၀၁၀ အောက်တိုဘာလက ဖွင့်လှစ်ခဲ့သည်။
ပြည်တွင်း ပုဂ္ဂလိက လေကြောင်းလိုင်း တခုဖြစ်သော Yangon Airways သည် လေယာဉ်ပျံသန်းခွင့် မရသဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာ လ ၃ ရက်နေ့ မှ စတင်ကာ ရပ်နားခဲ့ရသည်။
ပြည်ပ လေကြောင်းလိုင်းများဖြစ်သည့် Air Asia, Air China, Bangkok Airway,Thai Airway တို့သည်လည်း မြန်မာနိုင်ငံသို့ ပြေး ဆွဲလျက်ရှိသည်။
0 件のコメント:
コメントを投稿