2011年1月8日土曜日

မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့သိုက်အသစ် တရုတ် တွေ့

E-mail Print
စစ်အစိုးရနှင့် တရုတ်နိုင်ငံမှ SIPC Myanmar Petroleum Co.,ltd တို့ ပူးပေါင်း လုပ်ဆောင်မှုဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့သိုက် အသစ်တခု တွေ့ရှိကြောင်း သိရသည်။

Natural_gas
ပုထိုးလုံတွင်း အမှတ် (၂) တွင် စမ်းသပ် ထုတ်လုပ်နေသော တွင်းတူးစက်ကို ရဟတ်ယာဉ်ပေါ်မှ တွေ့မြင်ရပုံ (ဓာတ်ပုံ - မြန်မာ့အလင်း)
မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွင် သဘာဝဓာတ်ငွေ့ ပမာဏ ကုဗပေ ၉၀၉ ဘီလီယံနှင့် လေဆီ (ရေနံအပေါ့စား) ပမာဏ စည် ၇ ဒဿမ ၁၆ သန်း ထွက်ရှိနိုင်မည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့သိုက်တခု တွေ့ရှိထားကြောင်း ယမန်နေ့ထုတ် အစိုးရ သတင်းစာ များတွင် ဖော်ပြထားသည်။

ထိုဒေသ၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ခြင်းများကို မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းနှင့် တရုတ်နိုင်ငံမှ Sinopec International Exploration and Production Corporation (SIPC) ကုမ္ပဏီတို့ ၂၀၀၄ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ကတည်း က ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး စာချုပ် ချုပ်ဆိုကာ လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

SIPC သည် အီရန်၊ ရုရှား၊ အန်ဂိုလာ၊ အီကွေဒေါ၊ ဘရာဇီး၊ ဗင်နီဇွဲလား၊ ကိုလံဘီယာ၊ ကနေဒါ၊ အင်ဒိုနီးရှား နိုင်ငံများနှင့် လည်း အကျိုးတူပူးပေါင်းလုပ်ဆောင်နေသည့် ကုမ္ပဏီကြီးဖြစ်ပြီး တရုတ်နိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်း ကုမ္ပဏီကြီး တခုလည်း ဖြစ်သည်။

၎င်းတို့စမ်းသပ်ရှာဖွေသည့် ဧရိယာ အကျယ်အ၀န်းမှာ ၃၀၄၈၃၂၀ ဧကရှိပြီး ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၄၀၀၀ ခန့်မြင့် သည့် ပုံတောင်ပုံညာ တောင်တန်းတွင် တည်ရှိသည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နှင့် ကနီမြို့နယ်တို့အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့တွေ့ရှိနိုင်မည့် နေရာ ၄၂ ခု အနက်မှ ပုထိုးလုံ၊ မဟူတောင်၊ သင်ဂတုန်း တို့တွင် ရှာဖွေရေးအစမ်းတွင်းများ တူးခဲ့ကြခြင်းဖြစ်သည်။

ပုထိုးလုံအစမ်းတွင်း အမှတ် ၁ မှ လေဆီ(ရေနံအပေါ့စား) ၆၁ စည်နှင့် သဘာဝဓာတ်ငွေ့ ကုဗပေ ၅ ဒဿမ ၁၉ သန်း၊ ပုထိုးလုံ အစမ်းတွင်း အမှတ်၂ မှ လေဆီ(ရေနံအပေါ့စား)စည် ၃၀ နှင့် သဘာဝဓာတ်ငွေ့ ကုဗပေ ၃ ဒဿမ ၅၅၅ သန်း တူးဖော်ရရှိခဲ့သည် ဟု မြန်မာ့အလင်း သတင်းစာ၌ ရေးသားထားသည်။

ယခုရှာဖွေနေသော ဒေသများအတွင်း စီးပွားဖြစ်ထုတ်ယူနိုင်ရန် အလားအလာကောင်းသော အနေအထားများ တွေ့ရှိထားပြီး ဖြစ် ၍ နိုင်ငံ၏ အားထားရသော ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်ကြီးတခု ဖြစ်လာဖွယ်ရှိကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ကြီးမားသော ကုမ္ပဏီ ၃ ခုဖြစ်သည့် SIPC ၊ China National Petroleum Corporation နှင့် China Nation Offshore Oil Coporation တို့ အပါအ၀င် တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှပ်နှံသည့် ကုမ္ပဏီပေါင်း ၁၆ ခုရှိပြီး ကုန်းတွင်းနှင့်ကမ်းလွန် လုပ်ကွက် ၂၁ ခုအတွက် ရင်းနှီးမြှပ်နှံထားကြောင်း အမေရိကန်အခြေစိုက် လူ့အခွင့်အရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးအဖွဲ့ EarthRights International က ထုတ်ပြန်ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်က မြန်မာနိုင်ငံ ရတနာ နှင့် ရဲတံခွန် ကမ်းလွန် သဘာဝဓာတ်ငွေ့ လုပ်ကွက်များမှ ထွက်ရှိသည့် သဘာဝ ဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ရောင်းချရရှိသည့် ၀င်ငွေမှာ အမေရိကန် ဒေါ်လာ ၄ ဘီလီယံ ရှိကြောင်း သိရသည်။

0 件のコメント:

コメントを投稿